Eleven Media Group

အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းဖို့လိုနေပြီလို့ အလွန်ဆို ပြောကြား

Photo: X

ချယ်လ်ဆီးနည်းပြ အလွန်ဆိုက အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းဖို့လိုနေပြီလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရာသီအဖွင့် ပရီးမီးယားလိဂ်(၃)ပွဲစလုံး ဂိုးပေးခဲ့ရပြီး စုစုပေါင်း(၇)ဂိုးရှိခဲ့ပါတယ်။
တစ်ပွဲကို အနည်းဆုံး(၂)ဂိုးပေးခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အလွန်ဆိုက ခံစစ်ပိုင်းရဲ့ အပြစ်အနာအဆာတွေကို ဖြေရှင်းရတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
''ကျွန်တော့်ရဲ့ ဦးစားပေးက နိုင်ပွဲတွေရရှိဖို့ပါ။ ပုံမှန်အားဖြင့် ဂိုးမပေးရဘူးဆိုရင် အဲဒါက ပိုပြီးလွယ်ကူသွားမှာပါပဲ။ ဒါကြောင့် ဒါကို ကျွန်တော်တို့ ဖြေရှင်းရမှာပါ။ ကျွန်တော်တို့ ပိုပြီးစုစည်းကျစ်လျစ်ဖို့၊ ထိရောက်မှုရှိဖို့၊ ဟန်ချက်ညီဖို့ လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ ဒီအရာတွေက အချိန်ယူရပါတယ်'' လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
အလွန်ဆိုက ချယ်လ်ဆီးအသင်းကို ဒီနွေမှာမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ခွင့်ရခဲ့ပေမဲ့ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာပါ။
အလွန်ဆိုက ပရီးမီးယားလိဂ်အဖွင့်နှစ်ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ အဓိကဒါဘီပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းကိုတော့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို ၂၀၂၁ နောက်ပိုင်း (၁၃)ပွဲဆက်တိုက် အနိုင်မရရှိခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group