
ဘောလုံးကမ္ဘာရဲ့ အကြီးကျယ်အခမ်းနားဆုံးသော မဟာပြိုင်ဘက်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့ တစ်သင်းတည်းအတူကစားတာကို မြင်တွေ့ရဖို့ အလားအလာရှိပါတယ်။
မက်ဆီက အယ်လ်နာဆာကို ပြောင်းရွှေ့ကစားဖို့ စီစဉ်တာ၊ စီရော်နယ်လ်ဒိုက အင်တာမိုင်ယာမီကို ပြောင်းရွှေ့ကစားဖို့ စီစဉ်တာမျိုးတော့ မဟုတ်ပါဘူး။
သူတို့နှစ်ဦးစလုံးရဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ကားလို့စ်တီဗက်ဇ်က ကစားသမားဘဝ အမှတ်တရနှုတ်ဆက်ပွဲမှာ သူတို့နှစ်ဦးကို တစ်သင်းတည်းအတူကစားစေဖို့ စီစဉ်နေတာပါ။
လက်ရှိအချိန်မှာ အသက်(၄၂)နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး တီဗက်ဇ်က အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ မက်ဆီနဲ့ (၄၇)ပွဲ တွဲကစားခဲ့ဖူးပြီး မန်ယူအသင်းမှာ စီရော်နယ်လ်ဒိုနဲ့ ပွဲ(၈၀) တွဲကစားခဲ့ဖူးသူဖြစ်ပါတယ်။
တီဗက်ဇ်က အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အစလည်းပြု၊ အဆုံးလည်းသတ်ခဲ့သူဖြစ်ပြီး ကိုရင်သီယန်၊ ဝက်စ်ဟမ်း၊ မန်ယူ၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ ရှန်ဟိုင်းရှင်ဟွာအသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
တီဗက်ဇ်က ၂၀၂၂ ခုနှစ်မှာကတည်းက ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပြီး နှုတ်ဆက်ဘောလုံးပွဲကို လာမယ့် ဒီဇင်ဘာလမှာ ဘိုကာဂျူနီယာအသင်းရဲ့ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အဲဒီပွဲအတွက် အသင်းဖော်ဟောင်း (၆၀)ဝန်းကျင်ကို ဖိတ်ကြားဖို့ ရည်ရွယ်ထားပြီး နှစ်သင်းခွဲ ယှဉ်ပြိုင်ရာမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ကို တစ်သင်းတည်းမှာ အတူကစားဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့ကြပြီး ပွဲပေါင်း(၃၇)ပွဲ ရင်ဆိုင်ကစားခဲ့ကြတဲ့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ တီဗက်ဇ် စိတ်ကူးမျှော်လင့်ထားတဲ့အတိုင်း တစ်သင်းတည်းအတူ တွဲဖက်ကစားတာကို မြင်တွေ့ရနိုင်ခြေ ရှိလာတာပါ။
ဘောလုံးကမ္ဘာအတွက် ထူးခြားတဲ့ သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ထင်ကျန်ရစ်အောင် တီဗက်ဇ် စည်းရုံးနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။