
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနိုအနေနဲ့ ၂၀၂၇ ခုနှစ်မှာ ပြုလုပ်မယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ထပ်မံရွေးချယ်ခံသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အင်ဖန်တီနို(၅၆ နှစ်)က ဖီဖာဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိကာလက ဥက္ကဋ္ဌသက်တမ်း တတိယအကြိမ်ထဲမှာပါ။
အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေကို ရောင်းထုတ်ဖို့ အဆိုပြုခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးမှုတွေ ရှိနေပေမဲ့ လာမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်သွားဖို့အတွက် ဘာအပြောင်းအလဲမှမရှိကြောင်း ဖီဖာက ကြေညာခဲ့တာပါ။
လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် မတ်လ(၁၈)ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး လက်ရှိအချိန်အထိတော့ အင်ဖန်တီနိုနဲ့ ယှဉ်ပြိုင်ရွေးချယ်ခံမယ့်သူ ထွက်ပေါ်မလာသေးကြောင်း သိရပါတယ်။
''၂၀၂၇ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံသွားမယ်လို့ ဖီဖာဥက္ကဋ္ဌက ပြီးခဲ့တဲ့ ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။ သေချာတာက ဘာအပြောင်းအလဲမှ မရှိပါဘူး။ မစ္စတာအင်ဖန်တီနို ဝင်ရောက်ရွေးချယ်ခံသွားမှာပါ'' လို့ ဖီဖာက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အင်ဖန်တီနိုအနေနဲ့ ဖီဖာဥက္ကဋ္ဌအဖြစ်၂၀၃၁ ခုနှစ်အထိ ဆက်ရှိသွားမှာပါ။