
နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အဲဗာတန်ကနေ မန်စီးတီးကို ပေါင်(၆၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆီနီဂေါတောင်ပံကစားသမား အန်ဒီယေးက မန်စီးတီးအသင်း ကမ်းလှမ်းလာချိန်မှာ မငြင်းဆန်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
အန်ဒီယေး(၂၆ နှစ်)က စပါးအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ခဲ့ပြီးမှ မန်စီးတီးအသင်းကို ရောက်ရှိသွားခဲ့တာပါ။
အန်ဒီယေးက အခုတစ်ပတ် ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီး ၁-၀ ကိုဗင်ထရီပွဲမှာ မန်စီးတီးအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။
''ကျွန်တော် ချန်ပီယံလိဂ်ရချင်တယ်၊ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းမှာ ကစားချင်တယ်။ စပါးက ဒီလိုအသင်းမဟုတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးအသင်း ကမ်းလှမ်းလာတဲ့အခါ No လို့ မပြောနိုင်ပါဘူး။ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်'' လို့ အန်ဒီယေးက ကိုဗင်ထရီနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အန်ဒီယေးက အဲဗာတန်အသင်းမှာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ရကြောင်းနဲ့ မန်စီးတီးအသင်းမှာ ကစားသမားဘဝ အဆင့်တစ်ဆင့် မြင့်တက်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။