Eleven Media Group

■၂၀၂၆ ခုနှစ် ပုပ္ပားမယ်တော်ကြီး၏ ချိုးရေတော်သုံးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုတွင် ပုပ္ပားမယ်တော်ကြီး၏ ချိုးရေတော်သုံးပွဲ အခမ်းအနားကို ၁၃၈၈ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၀ ရက် (၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်) နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ရိုးရာဓလေ့ကိုးကွယ်သူများ လာရောက်ခဲ့ကြကြောင်း တွေ့မြင်ရပါသည်။

အနယ်နယ်အရပ်ရပ်မှ ရိုးရာဓလေ့ကိုးကွယ်သူများသည် ပုပ္ပားမယ်တော်ကြီးအား ပန်းများ၊ အုန်းသီးများ၊ ပိုက်ဆံများ ဆက်သခြင်း၊ ပိုက်ဆံကျဲခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယခင်က ရတနာဂူပွဲ ကျင်းပချိန်သည် ဧရာဝတီမြစ်ရေ မြင့်တက်ချိန်ဖြစ်သည့်အတွက် မြစ်ရေမြင့်တက်မှု အလိုက် ဘုရားရှေ့ရှိ မြစ်နှင့်ဆက်စပ်ရေဝင်သော ရတနာဂူရွှေကြူချောင်းအတွင်း ရေဝင်ရောက်လျက်ရှိရာ ပွဲတော် လာသူများသည် ချောင်းမှတစ်ဆင့် ငှက်လှေများစီးကာ လာရောက်လေ့ရှိခဲ့​ပြီး၊ ချိုးရေတော်သုံး အခမ်းအနားကို ဖောင်များဖြင့် ချောင်းအတွင်း ကျင်းပလေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

အင်းဝမင်းကြီးစွာစော်ကဲ တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ရတနာဂူ စေတီတော်မြတ်ကြီး၏ ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲသည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှ စတင်ကာ နတ်ညီလာခံများ၊ ၈ ရက်နှင့် ၉ ရက်များတွင် တက်ပွဲနှင့် ချော့ပွဲများ၊ ၁၀ ရက်နေ့တွင် ချိုးရေတော်သုံး အခမ်းအနား ၊ ၁၁ ရက် ၁၂ ရက် ၁၃ ရက်များတွင် တက်ပွဲများနှင့် ၁၄ ရက်တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီး ပြန်ပို့ပွဲများ ကျင်းပလေ့ရှိကြောင်းနှင့် သမိုင်းဝင်ရတနာ့ဂူ မြတ်စွာဘုရားပွဲတော်ကို ဝါခေါင်လကွယ်နေ့ နံနက်ပိုင်းတွင် သံဃာများအား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။

■သတင်း၊ ဓာတ်ပုံ- သက်ထွန်းအောင်

မူရင်းသတင်း — Eleven Media Group