
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချို့သော လမ်းအသုံးပြုသူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင့် လမ်းသန့်ရှင်းရေးအပြင် ယာဉ်များ လုံခြုံစွာသွားလာရေးကိုပါ ထိခိုက်နိုင်သဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးနှိုးဆော် ထားကြောင်း သိရသည်။
ရန်ကုန်မြို့မှ မန္တလေးမြို့အထိ ၃၆၅ မိုင် ၃ ဖာလုံ ရှည်လျားသည့် အမြန်လမ်းမကြီးသည် အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးတစ်ခုဖြစ်ပြီး လမ်းသန့်ရှင်းသပ်ရပ်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အချို့လမ်းအသုံးပြုသူများအနေဖြင့် ယာဉ်များပေါ်မှ အမှိုက်များကို လမ်းပေါ်နှင့်လမ်းဘေးသို့ ပစ်ချခြင်း၊ ယာဉ်ရပ်နားချိန်တွင် အမှိုက်စွန့်ပစ်ခြင်း၊ လမ်းဘေးတွင် စားသောက်ပြီး ကျန်ရှိသည့် အမှိုက်များကို မသိမ်းဆည်းဘဲ ချန်ထားခြင်းများ ပြုလုပ်နေကြကြောင်း၊ တိုးလ်ဂိတ်များ၊ လုံခြုံရေးစစ်ဆေးရေးဂိတ်များနှင့် ယာဉ်ရပ်နားစခန်း (Rest Camp) များတွင် အမှိုက်ပုံးများ သတ်မှတ်ထားသော်လည်း အချို့နေရာများ၌ အမှိုက်များကို ကြုံရာစွန့်ပစ်ထားမှုများ တွေ့ရှိနေရကြောင်း သိရသည်။
အဆိုပါ အမှိုက်များကို ခွေးလေခွေးလွင့်များက လမ်းမကြီးပေါ်သို့ ကိုက်ချီလာခြင်းကြောင့် လမ်းပေါ်တွင် အမှိုက်များ ပြန့်ကျဲနိုင်ပြီး ယာဉ်များသွားလာရာတွင် အန္တရာယ်ဖြစ်ပေါ်စေနိုင်ကြောင်း၊ အမှိုက်များကို နေ့စဉ်ရှင်းလင်းနေရခြင်းကြောင့် လမ်းထိန်းသိမ်းပြုပြင်ရေး တာဝန်များအပြင် အမှိုက်ရှင်းလင်းရေးလုပ်ငန်းကိုပါ လုပ်ဆောင်နေရသဖြင့် ဝန်ထမ်းများအတွက် လုပ်ငန်းတာဝန်နှင့် လူအင်အား ပိုမိုလိုအပ်လာကြောင်း နှိုးဆော်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အမြန်လမ်းမကြီး အသုံးပြုသူများအနေဖြင့် မိမိတို့၏ အမှိုက်များကို လမ်းပေါ်၊ လမ်းဘေးနှင့် ယာဉ်ရပ်နားရာနေရာများတွင် စည်းကမ်းမဲ့စွန့်ပစ်ခြင်း မပြုလုပ်ဘဲ မိမိအမှိုက်ကို မိမိနှင့်အတူ ယူဆောင် သွားရန်နှင့် သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်နေရာများတွင်သာ စနစ်တကျ စွန့်ပစ်ကြရန် သက်ဆိုင်ရာက အသိပေးထားကြောင်း သိရသည်။