
မန်စီးတီးနည်းပြ မာရက်စကာက ပရီးမီးယားလိဂ်(၃)ပွဲစလုံး ပွဲချိန်ပြည့်ကစားထားရတဲ့ တိုက်စစ်မှူး ဟာလန်းကို အနားပေးဖို့ စီစဉ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဟာလန်းက အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ (၅၃)မိနစ်သာ ကစားခဲ့ရပေမဲ့ ဘုန်းမောက်၊ ခရစ္စတယ်ပဲလေ့စ်၊ ကိုဗင်ထရီတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်(၃)ပွဲမှာတော့ ပွဲချိန်ပြည့်ကစားခဲ့ရပြီး (၃)ဂိုး သွင်းယူထားပါတယ်။
ဒါပေမဲ့ မာရက်စကာက ဟာလန်းကို ပွဲတိုင်းမှာ အခုလို အသုံးပြုသွားမှာမဟုတ်ကြောင်းနဲ့ တစ်ခါတစ်ရံ အနားပေးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
''လက်ရှိအခိုက်အတန့်မှာ သူ မိနစ်တိုင်း ကစားခဲ့ရပါတယ်။ အာလင်း(ဟာလန်း)ကို ကျွန်တော်တို့ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီက အလွန်ရှည်လျားပြီး သူ ပြန်လည်ထူထောင်မှုလုပ်ဖို့ လိုအပ်တာကြောင့်ပါ။ ပွဲနဲ့ ပွဲရဲ့အစီအမံပေါ် မူတည်ပါတယ်။ အန်တိုနီ(ဆယ်မင်ညို)က No.9 ကစားနိုင်ပါတယ်။ ဖီးလ်(ဖိုဒန်)ကလည်း False Nine ကစားနိုင်ပါတယ်'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။
အခုတစ်ပတ်ကစပြီး ချန်ပီယံလိဂ်ပွဲတွေ ဝင်လာပြီဖြစ်သလို၊ လိဂ်ဖလားပွဲလည်း ကစားရမှာဖြစ်တာကြောင့် မန်စီးတီးအသင်းဟာ မကြာခင် (၁၂)ရက်အတွင်း (၄)ပွဲယှဉ်ပြိုင်ကစားရမယ့် အခြေအနေရှိနေပါတယ်။
ဒါကြောင့် လိဂ်ဖလားလိုပွဲမျိုးမှာ ဟာလန်းကို အနားပေးဖွယ်ရှိကြောင်း သိရပါတယ်။