Eleven Media Group

PSG ရဲ့ စိုးမိုးမှု၊ ဟာရီကိန်းရဲ့ ရေပန်းစားမှုတွေနဲ့ ၂၀၂၆ Ballon d'Or

Photo: X

၂၀၂၆ ခုနှစ် Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အခုနောက်ပိုင်းမှာ ဆုအမျိုးအစားအသစ်တွေ ထပ်တိုးချီးမြှင့်ပေးလာတာကြောင့် ၂၀၂၆ Ballon d'Or ဆုပေးပွဲမှာ ချီးမြှင့်မယ့် ဆုအမျိုးအစားပေါင်းကတော့ အနည်းဆုံး(၁၂)ခု ရှိပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ စိတ်အဝင်စားဆုံးကတော့ အမျိုးသားဘောလုံးသမားတွေအတွက် ချီးမြှင့်တဲ့ မူလပထမ Ballon d'Or ဆုပါပဲ။ Ballon d'Or ဆိုတာက ပြင်သစ်ဘာသာစကားနဲ့ ရွှေဘောလုံးလို့ အဓိပ္ပာယ်ရပြီး စတင်ချီးမြှင့်ခဲ့ချိန်တုန်းက အဲဒီဆု တစ်မျိုးတည်း ရှိခဲ့တာပါ။ ဥရောပကစားသမားတွေထဲကသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်တာကြောင့် အစောပိုင်းမှာ ဥရောပအကောင်းဆုံးကစားသမားဆုအဖြစ်လည်း လူသိများခဲ့ပါတယ်။ ပထမဆုံးချီးမြှင့်တဲ့ ၁၉၅၆ ခုနှစ်မှာ Ballon d'Or ဆု ဆွတ်ခူးရရှိခဲ့သူက ဘလက်ပူးလ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား စတန်လေမက်သယူးစ် ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်က Ballon d'Or ဆုချီးမြှင့်မှု နှစ်(၇၀)ပြည့်တဲ့နှစ်ပါ။ ဒါကြောင့် ပထမဆုံးဆုရရှိခဲ့သူ စတန်လေမက်သ ယူးစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၆ Ballon d'Or ဆုပေးပွဲ အခမ်းအနားကို အင်္ဂလန်နိုင်ငံမှာ ပထမဆုံးအကြိိမ် ကျင်းပပြုလုပ်ဖို့ စီစဉ်ခဲ့တာပါ။ အခုလိုမျိုး အင်္ဂလန်နိုင်ငံအတွက် ထူးခြားတဲ့နှစ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကလည်း Ballon d'Or ဆုရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့ပါတယ်။ ဒီတော့ စတန်လေမက်သယူးစ်မှသည် ဟာရီကိန်းဆီသို့လို့ ညွှန်းဆိုရမယ့်နှစ် ဖြစ်လာမလားဆိုတာ . . .။
Ballon d'Or ဆုကို အရင်က ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း စွမ်းဆောင်ရည်အပေါ် အကဲဖြတ်ရွေးချယ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဥရောပဘောလုံးရာသီ တစ်ရာသီစာအတွင်း စွမ်းဆောင်ရည်အပေါ် အကဲဖြတ်ရွေးချယ်နေတာပါ။ ဒါကြောင့် ၂၀၂၆ ခုနှစ်အတွက် အကဲဖြတ်မယ့်ကာလက ၂၀၂၅ သြဂုတ်(၃)ကနေ ၂၀၂၆ ဇူလိုင်(၁၉)အတွင်း ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်အထိ သတ်မှတ်ပေးထားခြင်း ဖြစ်တာကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကလပ်အသင်းအတွက် စွမ်းဆောင်ခဲ့တာကိုရော ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် စွမ်းဆောင်ခဲ့တာကိုရော ထည့်သွင်းအကဲဖြတ်ရမှာပါ။ အခုလိုမျိုး လက်ရွေးစင်အသင်းတွေရဲ့ နိုင်ငံတကာပြိုင်ပွဲကြီးတွေ ရှိတဲ့နှစ်တွေမှာ Ballon d'Or ဆုအတွက် ခန့်မှန်းရတာက ပိုပြီးခက်ခဲလေ့ရှိပါတယ်။ ကလပ်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ပိုပြီးအလေးပေးမလား၊ လက်ရွေးစင်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ပိုပြီးအလေးပေးမလားဆိုတာ ခွဲခြားရခက်တာကြောင့်ပါ။ ဟာရီကိန်းကတော့ ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြခဲ့သူပါ။ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၆၁)ဂိုးသွင်းယူပေးခဲ့ပြီး ဘွန်ဒစ်လီဂါချန်ပီယံဆုနဲ့ ဂျာမန်ဖလားတွေ ရယူနိုင်ခဲ့တဲ့အပြင် ဥရောပရွှေဖိနပ်ဆုလည်း ရရှိခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆)ဂိုးသွင်းယူပေးခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။ ၂၀၂၅-၂၆ ရာသီအတွင်း လက်ရွေးစင်နဲ့ ကလပ်အသင်းအတွက် နှစ်မျိုးပေါင်း (၇၃)ဂိုးသွင်းယူခဲ့ပြီး ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဆုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့တာကြောင့်လည်း Ballon d'Or ဆုရရှိဖို့ အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတာပါ။
ဒါပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ စပိန်ကစားသမားတွေ၊ ချန်ပီယံလိဂ်ဖလား ရယူနိုုင်ခဲ့တဲ့ ကစားသမားတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ဒီဆုတံဆိပ်တွေက Ballon d'Or ဆုအတွက် အဆုံးအဖြတ်ဖြစ်စေတတ်တဲ့ အစဉ်အလာရှိတာကြောင့်လည်း လက်ရှိအချိန်မှာ ဘာကိုမှ ကြိုပြောလို့ မရနိုင်သေးတာပါ။ အခု ထုတ်ပြန်လိုက်တဲ့ ဆန်ခါတင်ကစားသမား(၃၀) စာရင်းမှာ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ကစားသမား(၆)ဦးပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို နှစ်ရာသီဆက်ရယူနိုင်ခဲ့တဲ့ PSG အသင်းက ကစားသမား(၁၀)ဦးအထိ ပါဝင်ခဲ့ပါတယ်။ ဒါဟာ စံချိန်သစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတည်းက PSG အသင်းမှာရှိနေခဲ့တဲ့ ကစားသမားကတော့ (၉)ဦးဖြစ်ပြီး ဖယ်ရန်တောရက်စ်ကိုတော့ ဒီနွေမှာမှ ခေါ်ယူထားတာပါ။ အလေးပေးမှုတွေမှာတော့ ဟာရီကိန်းက (၈း၁၃)လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး ယမားလ်က (၉း၂)လေး၊ အမ်ဘာပေက (၈း၁)လေး၊ ရိုဒရီက (၉း၁)လေး သတ်မှတ်ခံထားရပါတယ်။ ၂၀၂၆ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ(၂၆)မှာ ကျင်းပမှာပါ။ အင်္ဂလန်ကစားသမားတွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ Ballon d'Or ဆုကို ဟာရီကိန်း ပြန်လည်ရယူနိုင်မလား၊ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေဆီကိုပဲ အလေးသာသွားဦးမလား ဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group