Eleven Media Group

ချန်ပီယံလိဂ်ပွဲစဉ်(၁) ဒုတိယနေ့ ပွဲကြိုသုံးသပ်ချက်

Photo: UEFA

ဘာစီလိုနာ - ဖီယင်နု (စက်တင်ဘာ ၉ ရက်ည ၁၁း၁၅ နာရီ)

ဘာစီလိုနာအသင်းနဲ့ ပတ်သက်ရင် ဒီအချိန်မှာ စဉ်းစားရမှာက နောက်ထပ်(၅)ဂိုး သွင်းနိုင်ဦးမလားဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ ကစားပြီးခဲ့တဲ့ လာလီဂါ(၄)ပွဲမှာ (၅)ဂိုးသွင်းတဲ့ပွဲက (၃)ပွဲ ရှိခဲ့တာကြောင့်ပါ။ ဘာစီလိုနာအသင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်နိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဖီယင်နုက လတ်တလောရလဒ်ပိုင်းကိုကြည့်ရင် တိုက်စစ်ကောင်းပေမဲ့ ခံစစ်က အားနည်းချက်ရှိနေတယ်လို့ ကောက်ချက်ချရမှာပါ။ ဒါကြောင့် ဘာစီလိုနာအသင်း ဂိုးမြူးတဲ့ပွဲ ဖြစ်လာဖို့ အလားအလာများနေပါတယ်။

လီဗာပူးလ် - အက်သလက်တီကို (စက်တင်ဘာ ၁၀ ရက်နံနက် ၁း၃၀ နာရီ)

ဒီနှစ်သင်းက ပြီးခဲ့တဲ့ရာသီတုန်းကလည်း အခုလိုပဲ ပွဲစဉ်(၁)ကို အန်ဖီးလ်ကွင်းမှာ ဖွင့်လှစ်ခဲ့ရတာပါ။ အဲဒီတုန်းကတော့ အိမ်ရှင် လီဗာပူးလ်က (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲအပါအဝင် နောက်ဆုံးဆုံတွေ့တဲ့ (၄)ပွဲဆက်တိုက် လီဗာပူးလ်က အနိုင်ရထားပါတယ်။ ဒီရာသီမှာ လီဗာပူးလ်က နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ အပြောင်းအလဲများနေတာကြောင့် တည်ငြိမ်မှုမရှိသေးသလို၊ အက်သလက်တီကိုကလည်း ခြေစွမ်းအတက်အကျ ရှိနေပါတယ်။ စပိန်နည်းပြ အီရာအိုလာရဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာ လီဗာပူးလ်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

နာပိုလီ - အာဆင်နယ် (စက်တင်ဘာ ၁၀ ရက်နံနက် ၁း၃၀ နာရီ)

နာပိုလီက စီးရီးအေမှာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့အသင်းဖြစ်ပြီး အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းပါ။ လက်ရှိခြေစွမ်းအရတော့ နာပိုလီအသင်းအနေနဲ့ အိမ်ကွင်းအားသာချက်ရှိရုံနဲ့ အာဆင်နယ်အသင်းကို တားဆီးနိုင်ဖို့ မလွယ်ပါဘူး။ နာပိုလီနဲ့ ဆုံတွေ့မှုမှာ အာဆင်နယ်နည်းပြ အာတေတာအတွက် ခါးသီးတဲ့ မှတ်တမ်းတစ်ခုတော့ ရှိနေပါတယ်။ ၂၀၁၃-၁၄ ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့် နာပိုလီကွင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တုန်းက အာတေတာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရဖူးတာပါ။ ဒီညပွဲမှာတော့ အဲဒီရှုံးကြွေးကို အာတေတာ ပြန်ဆပ်ပါလိမ့်မယ်။

PSG - ဆလိုဗန် (စက်တင်ဘာ ၁၀ ရက်နံနက် ၁း၃၀ နာရီ)

လက်ရှိချန်ပီယံ PSG အသင်း ရာသီသစ်ကို ဘယ်လိုအစပြုမလဲ။ ပြင်သစ်လိဂ်မှာ ရလဒ်တွေဆိုးရွားနေတာကြောင့် ဒီပြိုင်ပွဲမှာ ပေါက်ကွဲလာနိုင်ခြေ ရှိနေပါတယ်။ ဆလိုဗန်ကလည်း ပြည်တွင်းလိဂ်မှာတောင် ရှုံးပွဲဆက်နေတဲ့အသင်းပါ။ အိမ်ကွင်းမှာ PSG အသင်း ဂိုးပြတ်အနိုင်ယူမှာ သေချာပါတယ်။

အခြားပွဲများ
* စတုဂတ် - ဗိုက်ကင်း
* စပို့တင်းလစ္စဘွန်း - ဂါလာတာစာရေး

မူရင်းသတင်း — Eleven Media Group