Eleven Media Group

ချန်ပီယံလိဂ်ပွဲစဉ် ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံးအာဖရိကနည်းပြအဖြစ် ယာယာတိုရေး မှတ်တမ်းဝင်မယ်

Photo: X

ဆလိုဗန်အသင်းရဲ့နည်းပြ ယာယာတိုရေးဟာ ချန်ပီယံလိဂ်ပွဲစဉ် ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံးအာဖရိကနည်းပြအဖြစ် ဒီည မှတ်တမ်းဝင်တော့မှာဖြစ်ကြောင်း သိရပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ယာယာတိုရေးဟာ ဆလိုဗက်ကီးယားကလပ် ဆလိုဗန်အသင်းရဲ့နည်းပြအဖြစ် ဇွန်လကတည်းက ဆောင်ရွက်နေတာဖြစ်ပြီး ဒီည ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ အာဖရိကလူမျိုးနည်းပြတွေ ကိုင်တွယ်ခွင့်ရဖူးခြင်း မရှိတာကြောင့် ယာယာတိုရေးက ပထမဆုံးအာဖရိကနည်းပြအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။
အသက်(၄၃)နှစ်ရှိပြီဖြစ်တဲ့ ယာယာတိုရေးက ဆော်ဒီလက်ရွေးစင်အသင်းကို မန်စီနီ ကိုင်တွယ်ချိန်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး နည်းပြအဖြစ် စတင်ဆောင်ရွက်ခွင့်ရတာကတော့ ဆလိုဗန်အသင်းမှာပါ။
ဆလိုဗန်အသင်းက ယာယာတိုရေးကို နည်းပြသစ်အဖြစ် ဇွန်လက (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ (၁၃)ပွဲ ကိုင်တွယ်ထားပါပြီ။
ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲဒုတိယအဆင့်ကတည်းက စတင်ဆင်နွှဲခဲ့ရတာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒါကြောင့် သမိုင်းမှတ်တမ်းသစ် ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပြီး ဒါဟာ အာဖရိကနည်းပြတွေအတွက် ခေတ်သစ်တစ်ခု စတင်ခြင်းဖြစ်ကြောင်း ယာယာတိုရေးက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group