Eleven Media Group

ဖိလစ်ပိုင်တွင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားပြီး လူငါးဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်ရှိ ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသော ဒေသတစ်ခုအနီးတွင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးကာ ၈၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

M/V June Aster အမည်ရှိ အဆိုပါကူးတို့သင်္ဘောသည် စက်တင်ဘာ ၉ ရက် ညနေပိုင်းက ကမ်းလွန် ၂ ဒသမ ၂ ကီလိုမီတာ (၁ ဒသမ ၃ မိုင်) အကွာတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများကို ကမ်းပေါ်သို့ သယ်ဆောင်လာနိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။

"လက်ရှိကျွန်မတို့ဆီမှာ ရှိထားတဲ့ ကယ်ဆယ်ရရှိသူ (၄၂) ဦးနဲ့ သေဆုံးသူစာရင်းတွေအရ အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေသူ ၈၇ ဦး ရှိနေပါသေးတယ်" ဟု ကမ်းခြေစောင့်တပ်ဖွဲ့မှ ဗိုလ်မှူး နိုအီမီ ကာယာဘရက်ဘ်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

သင်္ဘော၏ ခရီးသည်နှင့် သင်္ဘောအမှုထမ်းစာရင်းတွင် လူ ၁၃၄ ဦး ပါဝင်ကြောင်း ကာယာဘရက်ဘ် က ပြောသည်။

ကယ်ဆယ်နိုင်ခဲ့သူများအနက် ၃၈ ဦးမှာ ခရီးသည်များဖြစ်ပြီး ၄ ဦးမှာ သင်္ဘောအမှုထမ်းများဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဇန်နဝါရီလကလည်း လူပေါင်း ၃၄၀ ကျော် တင်ဆောင်လာသည့် ကူးတို့သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်တောင်ပိုင်း ကမ်းလွန်တွင် နစ်မြုပ်ခဲ့သဖြင့် အနည်းဆုံး လူ ၅၂ ဦး သေဆုံးခဲ့ဖူးသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group