Eleven Media Group

အစ္စရေးရွေးကောက်ပွဲနေ့တွင် အနောက်ဘက်ကမ်းဒေသရှိ ကုန်းလမ်းအဝင်အထွက် အားလုံးကို ပိတ်မည်

ပါလက်စတိုင်းသေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့ကာ စစ်သွေးကြွများအပေါ် သေချာကိုင်တွယ်သွားမည်ဟု အစ္စရေးအစိုးရက ကြေညာလိုက်ပြီးနောက် လာမည့်ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် အနောက်ဘက်ကမ်း ဒေသနှင့် ဆက်စပ်နေသည့် ကုန်းလမ်းအဝင်အထွက်အားလုံးကိုပါ ပိတ်မည်ဟု ကြေညာ လိုက်ပြီဖြစ်သည်။

ထိုသို့ မကြေညာမီ တစ်ရက်အလိုက အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်း ဒေသရှိ ဟေဗရွန်မြို့အတွင်း ဝင်ရောက်စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ဒေသခံ ၂,၀၀၀ ခန့်ကို နေရပ်စွန့်ခွာစေခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဟားမတ်စ်အဖွဲ့ နှင့်ပတ်သက်သည့် ကိစ္စရပ်အားလုံးကို ဟေဗရွန်မြို့တွင် ဖြေရှင်း၍မပြီးမချင်း နေရပ်စွန့်ခွာ သူများကို ပြန်လာခွင့်ပြုမည်မဟုတ်ဟု ပြောသည်။

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက လတ်တလောတိုက်ခိုက်မှုအတွက် ပြင်းပြင်း ထန်ထန် တုံ့ပြန်မည်ဟုဆိုကာ ၁၉၆၇ ခုနှစ်က အနောက်ဘက်ကမ်းဒေသကို အစ္စရေးက စတင်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း မကြုံစဖူး စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း သတိပေးပြောသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၅ ရက်မှစ၍ အနောက်ဘက်ကမ်း ဒေသရှိ အစ္စရေးအခြေချနေထိုင်ရာများနှင့် ဂျော်ဒန်တောင်ကြားဒေသသို့ ပါလက်စတိုင်း သားများ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်ခွင့်ပိတ်ပင်သွားမည်ဟု သိရသည်။

အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲနေ့တွင် ယင်းဒေသများ၌ ပါလက်စတိုင်း အလုပ်သမားများ၏ ဝင်ထွက်သွားလာမှုကို တားမြစ်ကာ ကုန်းလမ်းဝင်ထွက်ပေါက် အားလုံးကို ပိတ်ထားမည်ဟု စစ်တပ်ကပြောသည်။

အနောက်ဘက်ကမ်းဒေသ၏ အချို့နေရာများကို အစ္စရေးနှင့် ပူးတွဲအုပ်ချုပ်နေသည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က စစ်ဆင်ရေးကြောင့် ထိခိုက်ခံစားနေရသူများကို ကာကွယ်ပေးနိုင်ရေးအတွက် အစ္စရေးကို ဖိအားပေးကြရန် နိုင်ငံတကာကို တောင်းဆိုနေသည်။

အစ္စရေးစစ်တပ် အဆိုအရ အောက်တိုဘာ ၂၃ နှင့် ၂၄ ရက်များအတွင်း အနောက်ဘက် ကမ်းဒေသရှိ နေရာ ၄၀ တွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး စစ်သားများက ညနက်ပိုင်းတွင် အသံချဲ့စက်များဖြင့် ဒေသခံများ ရွှေ့ပြောင်းထွက်ခွာကြရန် လိုက်ကြေညာခဲ့သည်။

လက်ရှိ စစ်ဆင်ရေးအတွင်း ဟားမတ်စ်နှင့် ဆက်နွယ်သူများအပါအဝင် သံသယရှိသူ ၄၀ ခန့်ကို အစ္စရေးစစ်တပ်က ဖမ်းဆီးထားသည်။

Ref: France 24, Photo: AP

မူရင်းသတင်း — Eleven Media Group