Eleven Media Group

Yellow Vests လှုပ်ရှားမှုက အောက်တိုဘာ ၃၁ ရက်တွင်  ပြင်သစ်တစ်နိုင်ငံလုံး ဆန္ဒပြရန် တိုက်တွန်း

ပြင်သစ်နိုင်ငံတွင် Yellow Vests ဟုခေါ်သည့် အဝါရောင်အကျႌဝတ် လှုပ်ရှားမှုက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အောက်တိုဘာ ၃၁ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ရန် တိုက်တွန်းထားသည်။

အဆိုပါလှုပ်ရှားမှုအဖွဲ့သည် ပါရီမြို့ရှိ လွှတ်တော်အဆောက်အအုံအနီးနှင့် ပြင်သစ်နိုင်ငံ တစ်ဝန်းရှိ မြို့တော်ခန်းမများအနီးတွင် စုဝေးဆန္ဒပြပွဲများ ၊ ထိုင်သပိတ်များ ပြုလုပ်ရန် စီစဉ်ထားသည်။ ၄င်းတို့၏ ရည်ရွယ်ချက်က နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ကာကွယ်ရန်ဖြစ်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရက ပြည်သူများ၏ မကျေနပ်မှုများကို လျစ်လျူရှုခြင်း ၊ ပြည်သူများကို မလေးစားဘဲ ၄င်းတို့၏ဆန္ဒကို နားထောင်ရန် ဆန္ဒမရှိခြင်းနှင့် ဖိနှိပ်ခြင်းတို့ လုပ်ဆောင်နေသည်ဟု Yellow Vests လှုပ်ရှားမှုက စွပ်စွဲလျက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက နိုင်ငံတစ်ဝန်းရှိ ဆန္ဒပြပွဲအချို့ကို တားမြစ်ခဲ့ပြီး သည်။ သို့သော် အောက်တိုဘာ ၂၄ ရက်ကပင် ဆန္ဒပြမှုများ ထပ်ရှိလာပြီး ပြည်ထဲရေး ဝန်ကြီးဌာနအဆိုအရ စနေနေ့က နိုင်ငံတစ်ဝန်းဆန္ဒပြသူ ၄၁၀,၀၀၀ ခန့် ပါဝင်ခဲ့ကာ မြို့တော်ပါရီ၌ လူပေါင်း ၁၁၀,၀၀၀ ခန့် ဆန္ဒပြခဲ့ကြသည်။

ပါရီမြို့လယ်တွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားကြပြီး ဆိုင်ပြတင်းပေါက်များကိုလည်း အကာအကွယ်များဖြင့် ဖုံးအုပ်ထားသည်။

လက်လီအရောင်းဆိုင်အချို့တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းများပင် ငှားရမ်းထားကြသည်။ ရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ မြေအောက်ရထားဘူတာ ၂၄ ခုထက်မနည်း ပိတ်ထား ခဲ့သည်။

ယခုဆန္ဒပြပွဲများ မတိုင်မီ ပြင်သစ်အစိုးရက နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၇၀,၀၀၀ ကျော်ကို ဖြန့်ကြက်ချထားမည်ဟု ကြေညာခဲ့သည်။

Source : Anadolu Agency

မူရင်းသတင်း — Eleven Media Group