
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြည်ပစစ်ဆင်ရေးများတွင် ပါဝင်နေသည့် မြောက်ကိုရီးယားစစ်သားများကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက စက်တင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
ကင်သည် မြောက်ကိုရီးယားနိုင်ငံ ထူထောင်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပြည်ပစစ်ဆင်ရေးများတွင် ပါဝင်နေသည့် တပ်ဖွဲ့ဝင်များကို ချီးကျူးခဲ့ခြင်ဖြစ်ပြီး ယင်းသည် ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှား၏ စစ်ပွဲတွင် မြောက်ကိုရီးယား၏ ကူညီပံ့ပိုးပေးမှုကို ထင်ရှားစွာ ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားသည် ရုရှား၏ အဓိက မဟာမိတ်ဖြစ်လာခဲ့ကာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ ပြန်လည်ရရှိရန်အတွက် ရုရှား၏ စစ်ပွဲဆင်နွှဲမှုကို ကူညီရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မြောက်ကိုရီးယားနိုင်ငံကို စတင်ထူထောင်ခဲ့သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းအတွင်း ကင်က ပြည်ပရောက် မြောက်ကိုရီးယားနိုင်ငံသားများကို ချီးကျူးခဲ့သော်လည်း ပြည်ပတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို အထူး ဂုဏ်ပြုပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
"ပြည်ပစစ်ဆင်ရေးတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ စစ်တပ်ရဲ့ တပ်မှူးတွေနဲ့ ရဲဘော်တွေကိုလည်း ကျွန်တော့်အနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်းနဲ့ လေးနက်တဲ့ လေးစားမှုတွေကို ပေးအပ်ပါတယ်" ဟု နိုင်ငံ၏ ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ကင်က ပြောကြားခဲ့သည်။
"နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုတောင်းပေးနေကြတဲ့ နိုင်ငံသားအားလုံးရဲ့ မျိုးချစ်စိတ်၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှုနဲ့ ပေးဆပ်လှူဒါန်းမှုတွေကြောင့် ကျွန်တော်တို့၏ ရည်မှန်းချက်တွေဟာ လျှင်မြန်စွာ အကောင်အထည်ပေါ်လာနေပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ အဆိုအရ ရုရှားနှင့် ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
လူ ၉ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် တိုက်ခိုက်မှုတစ်ခုတွင် ရုရှားသည် မြောက်ကိုရီးယားနိုင်ငံလုပ် ပဲ့ထိန်းဒုံးကျည်များကို ပစ်ခတ်ခဲ့သည်ဟု သြဂုတ်လအတွင်းက ယူကရိန်းက ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၅၀၀၀၀ အထိ ရုရှားသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ယူကရိန်းက ပြောကြားခဲ့သော်လည်း ယင်းပြောကြားချက်ကို ထောက်ခံသည့် သက်သေအထောက်အထား သို့မဟုတ် စေလွှတ်မည့် အချိန်ဇယားကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
ထိုသို့ ပြောဆိုရာတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ရုရှားဒုံးကျည်များရန်မှ ကာကွယ်ရန် လေကြောင်းကာကွယ်ရေး စနစ်များ ထောက်ပံ့ပေးရန် တောင်ကိုရီးယားအား တောင်းဆိုခဲ့သော်လည်း တောင်ကိုရီးယားဘက်က တုံ့ပြန်ခြင်းမရှိသေးပေ။
Ref: AFP