Eleven Media Group

အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားက ဒီမိုကရက်များအတွက် မဲဆွယ်စည်းရုံးပွဲများတွင် လက်ရှိသမ္မတ ထရန့်ကို ဝေဖန်

အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားသည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရက်တစ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေးရန် အိုဟိုင်းယိုးနှင့် မီချီဂန်ပြည်နယ်များတွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲများး၌ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်အား ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သည်။

ဒီမိုကရက်များသည် လက်ရှိတွင် ထရန့်၏ ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်ထားသော အမေရိကန် လွှတ်တော် နှစ်ရပ်လုံး သို့မဟုတ် တစ်ရပ်ရပ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

သမ္မတဟောင်း အိုဘားမားသည် ဒီမိုကရက်တစ်ပါတီ၏ အခြေခံလူထုကြားတွင် ရေပန်းစားနေဆဲဖြစ်ပြီး ယင်းကိုအသုံးချ၍ ၎င်း၏ ဒီမိုကရက်တစ် ပါတီဝင် ကိုယ်စားလှယ်လောင်းများကို ပံ့ပိုးကူညီရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်း အိုဘားမားသည် အဆိုပါ ပြည်နယ်နှစ်ခုလုံးတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မဲဆန္ဒရှင်များ၏ အဓိက စိုးရိမ်ပူပန်မှုဖြစ်သည့် ကုန်ဈေးနှုန်းနှင့် လူနေမှုစရိတ်များ မြင့်တက်လာမှုအတွက် ထရန့်အစိုးရအဖွဲ့ကို ပြစ်တင်ဝေဖန်ခဲ့သည်။

"လက်ရှိ သမ္မတဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဆက်တိုက်ကို ချမှတ်ခဲ့ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဘယ်သူမှ မတောင်းဆိုဘဲ မလိုအပ်ဘဲနဲ့ စစ်ပွဲတစ်ခုကို စတင်ဖို့ သူ ဆုံးဖြတ်ခဲ့တာပါပဲ" ဟု အိုဘားမားက ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်ဟောင်း ရှာရော့ဒ် ဘရောင်းအတွက် အိုဟိုင်းယိုးပြည်နယ်တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ပြောကြားခဲ့သည်။

"ခေတ်သစ်သမိုင်းမှာ ကျွန်တော်တို့ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးတဲ့ ပရမ်းပတာဖြစ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ အရည်အချင်း မပြည့်ဝမှုတွေ ၂ နှစ်တာ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ ခင်ဗျားတို့ အလှည့်ရောက်လာပါပြီ။ ဒီလောက်ဆို တော်လောက်ပြီလို့ ပြောပိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်" ဟု အိုဘားမားက ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group