Eleven Media Group

ဟစ်တလာ၏ အပန်းဖြေစခန်း မီးလောင်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို ဖမ်ဆီး

ဂျာမန်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ၏ Eagle's Nest အမည်ရှိ တောင်ပေါ် အပန်းဖြေစခန်းတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ဂျာမနီနိုင်ငံ ဘားဗေးရီးယား အဲ့လ်ပ် တောင်တန်းပေါ်ရှိ အမြင့် ၁၈၃၄ မီတာ (ပေ ၆၀၀၀) တွင် တည်ရှိသော ရှုခင်းသာယာသည့် နာဇီ ထိပ်တန်းအရာရှိများ၏ ဧည့်ဂေဟာဟောင်းတွင် အောက်တိုဘာ ၂၃ ရက်နှောင်းပိုင်းက မီးလောင်မှု သတိပေးချက် စတင်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်ထိပ်တွင် နှင်းများကျဆင်းနေသော်လည်း အောက်တိုဘာ ၂၄ ရက်အရုဏ်တက်ချိန်အထိ Eagle's Nest စခန်းမှာ မီးတောက်များဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင် နောက်ဆုံးကျန်ရှိနေသော မီးကြွင်းမီးကျန်များကို အပြီးသတ် ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးမှူး မိုက်ကယ် ဘရန်းဒယ်လ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

၁၉၃၇ နှင့် ၁၉၃၈ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့သည့် Eagle's Nest အပန်းဖြေစခန်းသည် ဒုတိယကမ္ဘာစစ်အတွင်းက လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် ဟစ်တလာ၏ တတိယမြောက် ဂျာမနီ အင်ပါယာ၏ အမွေအနှစ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

အဆိုပါ စခန်းကို အလွန် တင်းကျပ်စွာ ကာကွယ်စောင့်ရှောက်ထားပြီး ဟစ်တလာ၏ အုပ်ချုပ်မှုကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် Eagle's Nest စခန်းသည် အာလ်ပ်တောင်တန်း၏ ထူးခြားဆန်းပြားသော ရှုခင်းများကို မြင်တွေ့နိုင်ပြီး နိုင်ငံခြား သံတမန်များကို သဘောကျ နှစ်သက်စေရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဟစ်တလာသည် အဆိုပါအပန်းဖြေစခန်းကို ဝါဒဖြန့် ရုပ်ရှင်များ၏ နောက်ခံအဖြစ် အသုံးပြုခဲ့ဖူးသည်။

ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးဆုံးရှုံးမှုမရှိဘဲ ကျန်ရစ်ခဲ့ပြီး အဆိုပါ စခန်းကို ပြန်လည် ပုံဖော်ရိုက်ကူးခဲ့သည့် ဟောလိဝုဒ် ရုပ်ရှင်များကြောင့် ပိုမို လူသိများလာခဲ့သည်။

၁၉၅၂ ခုနှစ်မှစပြီး ယင်းနေရာ၌ အဆိုပါအဆောက်အအုံ၏ နာဇီ သမိုင်းကြောင်းကို ဖော်ပြထားသည့် ပြခန်းနှင့် စားသောက်ဆိုင်တို့ကို ဖွင့်လှစ်ထားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group