
အမေရိကန်သမ္မတကတော် မလာနီယာ ထရန့်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းနိုင်ငံတောင်ပိုင်း အိုလက်ရှ်ကီမြို့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကာ လူသား ချင်းစာနာထောက်ထားမှု အကူအညီများ ပို့ပေးရေးနှင့် အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ရေးတို့ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည်။
ခါဆွန်ဒေသရှိ အိုလက်ရှ်ကီမြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်နိုင်ရေး အတွက် ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့မှ ညှိနှိုင်းရေးကိုယ်စားလှယ်များ အောက်တိုဘာ ၂၃ ရက်တွင် သဘောတူညီမှု ရခဲ့ကြခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီတွင် ယူကရိန်းနိုင်ငံကို တိုက်ခိုက်မှုစတင်ခဲ့သည့် ပထမနေ့၌ပင် ရုရှားတပ်များက လူဦးရေ ၂၄,၀၀၀ ခန့် နေထိုင်ခဲ့သည့် အိုလက်ရှ်ကီမြို့ကို သိမ်းပိုက်ခဲ့သည်။
အိမ်ဖြူတော်ထုတ်ပြန်ချက်အရ မလာနီယာသည် စက်တင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေစဉ်အတွင်း ၎င်းတက်ရောက်သည့်ပွဲတစ်ခု၌ အိုလက်ရှ်ကီမြို့၏ အခြေအနေကို သိရှိပြီးနောက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများ စတင်ရန် စီစဉ်ခဲ့သည်။ ထိုစဉ်က မလာနီယာသည် အခြားကိစ္စတစ်ခုနှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေချိန်လည်း ဖြစ်သည်။
ထို့နောက် မလာနီယာနှင့် ကိုယ်စားလှယ်တစ်ဦးတို့သည် အပစ်အခတ်ရပ်စဲရေး သတ်မှတ်ချက်များကို ညှိနှိုင်းရန် ရုရှားနှင့်ယူကရိန်း ခေါင်းဆောင်ပိုင်းတို့နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။
ယင်းအစီအစဉ်တွင် ပါဝင်ညှိနှိုင်းခဲ့သည့် ယူကရိန်း၏ ထိပ်တန်းညှိနှိုင်းရေး ကိုယ်စားလှယ်တစ်ဦးက အိုလက်ရှ် ကီမြို့တွင်း အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၂၇ ရက်တွင် စတင်မည်ဖြစ်ပြီး ရက်အနည်းငယ် ကြာမြင့် မည်ဟု အေပီသတင်းဌာနကို ပြောသည်။ အပစ်စတင်ရပ်စဲပြီး နှစ်ရက်အကြာတွင် အကူအညီပို့ဆောင်ရေး လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်သည်။
သို့သော် အကူအညီများ မပေးပို့မီ အိုလက်ရှ်ကီမြို့သို့ သွားရာလမ်းတစ်လျှောက် မြေမြှုပ်မိုင်းများကို အရင်ရှင်းလင်းရမည်ဖြစ်သည်။ နောက်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို သွားရောက်ပို့ဆောင်ပေးခြင်းနှင့် အရပ်သားများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်မည်။
ရုရှားတပ်များကလည်း လမ်းကြောင်းအခြေအနေကို ကင်းထောက်စစ်ဆေးမှုများ ပြုလုပ်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီယာဉ်တန်း မြို့တွင်းသို့ဘေးကင်းစွာ ဝင်ရောက်နိုင်ရေး သေချာစေရန် ဆောင်ရွက်မည်ဟု ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောသည်။ ထို့ပြင် ရုရှားဘက်က မလာနီယာ၏ ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောသည်။
သမ္မတကတော် မလာနီယာသည် ခင်ပွန်းဒေါ်နယ်ထရန့်၏ ဒုတိယသမ္မတ သက်တမ်းအတွင်း စစ်မက်ဖြစ်ရာ ဒေသများရှိ ကလေးငယ်များအား ကူညီရေးကိစ္စကို အာရုံစိုက် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်အစောပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို မလာနီယာက ဦးဆောင်ကျင်းပခဲ့သည်။
စစ်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ကလေးများနှင့် ၎င်းတို့၏မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေးနှင့် ပတ်သက်၍ မလာနီယာသည် ပြီးခဲ့သည့်နှစ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ စာရေးသားပေးပို့ခဲ့သည်။ ၎င်း၏ အကြီးတန်းအကြံပေး အဆိုအရ မလာနီယာ၏ ကြိုးပမ်းမှုများကြောင့် ကလေးငယ် ၃၀ နီးပါးကို မိသားစုများနှင့် ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့သည်။
Ref: AP