Eleven Media Group

အီရန်နိုင်ငံသည် ပြိုလဲလုနီးပါး ဖြစ်နေပြီဟု အစ္စရေးဝန်ကြီးချုပ်​ နေတန်ယာဟု ပြောကြား

အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံသည် ပြိုလဲလုနီးပါးဖြစ်နေပြီဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲ ခြောက်လတာ ကြာမြင့်လာချိန်တွင် နေတန်ယာဟုက ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့ဝင်များထံ သွားရောက်ချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"လုပ်ဆောင်ရဦးမယ့် အလုပ်တွေ ကျန်ရှိနေသေးပါတယ်။ အဓိက တာဝန်ကတော့ အီရန်က အကြမ်းဖက် အုပ်ချုပ်ရေးစနစ်ကို ဖြိုချပစ်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီပန်းတိုင်နဲ့ အလွန်နီးစပ်နေပါပြီ" ဟု နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်နှင့်အတူ အစ္စရေး-ဆီးရီးယား နယ်စပ်ရှိ ဟာမွန်တောင်၏ ဆီးရီးယားဘက်ခြမ်းသို့ သွားရောက်ချိန်တွင် ပြောကြားခဲ့သည်။

"ဒီမဟာမိတ် ကွန်ရက်တစ်ခုလုံးဟာ နောက်ဆုံးမှာ ပြိုလဲသွားတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်" ဟုလည်း အရှေ့အလယ်ပိုင်းရှိ အီရန်၏ လက်ဝေခံ အဖွဲ့အစည်းများကို ရည်ညွှန်းပြီး ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆီးရီးယားတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သမ္မတ ဘာရှာ အယ်လ် အာဆတ် ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း အစ္စရေး တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ လုံခြုံရေး ဇုန်အတွင်း တပ်စွဲထားခဲ့ကြသည်။

ထိုတပ်ဖွဲ့များသည်သည် ၁၉၇၄ ခုနှစ်ကတည်းက အစ္စရေး သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တွင် အစ္စရေးနှင့် ဆီးရီးယား တပ်ဖွဲ့များကို ပိုင်းခြားထားသည့် ကုလသမဂ္ဂ ကင်းလှည့်ရာ ကြားခံဇုန်ဟောင်းကို ဝင်ရောက်သိမ်းပိုက်ထားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ နယ်စပ်မှာ ဘယ်လိုအကြမ်းဖက်အဖွဲ့ကိုမှ ခြေကုတ်ယူ ထူထောင်ခွင့် ပေးမှာ မဟုတ်ပါဘူး" ဟု နေတန်ယာဟု က ထပ်လောင်းပြောကြားခဲ့သည်။

နေတန်ယာဟု၏ နယ်စပ်ဖြတ်ကျော်ခရီးစဉ်ကို ဆီးရီးယားအစိုးရက ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ယင်းခရီးစဉ်သည် ဆီးရီးယား၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောငး် ပြောကြားခဲ့သည်။

ဆီးရီးယား အာရပ်သမ္မတနိုင်ငံ၏ နယ်မြေအတွင်းသို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တရားမဝင် ဝင်ရောက်လာခြင်းနှင့် ဟာမွန်တောင်ပေါ်သို့ လှည့်လည်ကြည့်ရှုခြင်းတို့သည် ရန်စသော လှုပ်ရှားမှုဖြစ်ပြီး ဆီးရီးယား အာရပ်သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေစိုးမိုးမှုနှင့် နိုင်ငံတကာဥပဒေတို့ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ရှုတ်ချသည်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါသွားခဲ့သည့် ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ဟာမွန်တောင်ထိပ်မှ ရိုက်ကူးထားသည့် ဗီဒီယို မက်ဆေ့ဂျ်တစ်ခုတွင် ဆီးရီးယားသမ္မတ အာမက် အယ်လ်-ရှာရာအား ရည်ညွှန်းပြီး အစ္စရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမည် မဟုတ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

"ဒီမှာ ရောက်ရှိနေခြင်းအားဖြင့် တောင်အောက်ဘက် ၃၅ ကီလိုမီတာအကွာက ဒမတ်စကတ်စ်မြို့ နန်းတော်ထဲမှာ ထိုင်နေတဲ့ ဆီးရီးယား သမ္မတဆီကို အလွန် ခိုင်မာပြတ်သားတဲ့ သတင်းစကား တစ်ခုကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဟာမွန်တောင်ပေါ်မှာ ရှိနေတယ်၊ လုံခြုံရေး ဇုန်ထဲမှာ ရှိနေတယ်၊ ဒီနေရာကနေ ဘယ်မှ ရွှေ့လျားသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင်ကက်ဇ်သည် အစ္စရေး၏ အဓိက ရန်သူဖြစ်သော အီရန်ကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

"အီရန်ဟာ နောက်ကွယ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အီရန်ကို နှစ်ကြိမ်တိုင်တိုင် ထိုးနှက်တိုက်ခိုက်ခဲ့ပြီးပြီ၊ ခြိမ်းခြောက်မှုတွေကို ဆက်လက် ဟန့်တားနိုင်ဖို့အတွက် လိုအပ်ရင် တတိယအကြိမ် ထပ်မံ ထိုးနှက်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

​နေတန်ယာဟု သည် လွန်ခဲ့သည့် ကာလများက ဆီးရီးယားရှိ အစ္စရေးတပ်ဖွဲ့ဝင်များထံ နှစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး တစ်ကြိမ်မှာ အစ္စရေးက ကြားခံဇုန်ကို ထိန်းချုပ်လိုက်ပြီး မကြာမီ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ဖြစ်ကာ နောက်တစ်ကြိမ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်သည်။

ကာဇ် သည် လွန်ခဲ့သော သီတင်းနှစ်ပတ်ကလည်း ဆီးရီးယား တောင်ပိုင်းတွင် တပ်စွဲထားသည့် အစ္စရေး တပ်ဖွဲ့ဝင်များထံ သွားရောက်ခဲ့သဖြင့် ဆီးရီးယားအစိုးရထံမှ ရှုတ်ချမှုများ ထွက်ပေါ်ခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group