Eleven Media Group

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို ငွေအလွဲသုံးစားမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖောက်ဖျက်မှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်း

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကို ငွေအလွဲသုံးစားမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖောက်ဖျက်မှုတို့ဖြင့် စက်တင်ဘာ ၁၀ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။

သက်တော် ၆၆ နှစ်အရွယ်ရှိ အဆိုပါကျောင်းထိုင်ဆရာတော်သည် ဘုန်းကြီးကျောင်း၏ ဘတ်ငွေ ၉၂ သန်းကို အလွဲသုံးပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါအမျိုးသမီးသည် ကျောင်းထိုင်ဆရာတော်၏ အခန်းထဲတွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖောက်ဖျက်နေသည့် လုံခြုံရေးဗီဒီယိုထဲတွင် မြင်တွေ့ခဲ့ရသည့် အမျိုးသမီးဖြစ်သည်။

ဒေသစံတော်ချိန် နံနက် ၆ နာရီအချိန်တွင် ရဲတပ်ဖွဲ့သည် Muang ခရိုင်၊ Samphao Lom ဒေသရှိ ရှေးဟောင်း Wat Phutthaisawan ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် Phra Vajirayan ၏ သီတင်းသုံးသည့် အခန်းအား ဝင်ရောက်စီးနင်းခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို မဟာမင်းကြီး ဒုတိယရဲဗိုလ်ချုပ်ကြီး Natthasak Chaowanasai က ပြောကြားခဲ့သည်။

ဆရာတော် Phra Vajirayan သည် ကျောင်းတော်ကပိုင်ဆိုင်သည့် ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး ငွေကြေးများကို အခြားသူများ၏ အမည်ဖြင့် ဟန်ပြလွှဲပြောင်းထားနိုင်ရန် ကြံရာပါအမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးခဲ့သည်ဟု တိုင်ကြားချက် ထွက်ပေါ်လာခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး Natthasak က ပြောကြားခဲ့သည်။

နှစ်နှစ်ကျော် ကာလအတွင်း အဆိုပါ ရဟန်းသည် ဘုန်းကြီးကျောင်း၏ အမည်ဖြင့် လှူဒါန်းမှုဆိုင်ရာ သက်သေခံ လက်မှတ်ပေါင်း ၂၀ ကျော်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ပေးခဲ့သည်ဟု စွပ်စွဲခံထားရပြီး စုစုပေါင်း ဘတ်ငွေ ၉၂ သန်းကျော် ဆုံးရှုံးနစ်နာခဲ့ရသည်။

ထို့နောက် စုံစမ်းစစ်ဆေးသူများသည် သက်သေအထောက်အထားများ စုဆောင်းကာ စက်တင်ဘာ ၈ ရက်နေ့တွင် အကျင့်ပျက်ခြစားမှုနှင့် မလျော်ဩဇာသုံးမှုဆိုင်ရာ ဗဟို ရာဇဝတ်တရားရုံးထံမှ ဖမ်းဝရမ်း ထုတ်ယူခဲ့သည်။

ထိုဆရာတော်အနေဖြင့် အစိုးရဝန်ထမ်းတစ်ဦး၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုလုပ်မှု၊ တာဝန်များကို မတရားသဖြင့် လုပ်ဆောင်မှု သို့မဟုတ် ပျက်ကွက်မှု၊ ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှုနှင့် ပူးတွဲ ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

ထိုင်းနိုင်ငံတွင် ရဟန်းအများအပြားသည် အစိုးရထံမှ လစဉ် ထောက်ပံ့ကြေးများ ရရှိကြသဖြင့် ဥပဒေအရ အစိုးရဝန်ထမ်းများအဖြစ် သတ်မှတ်ခံရသည်။

ဖမ်းဆီးခံရပြီးနောက် ဆရာတော် Phra Vajirayan ကို လူဝတ်လဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနိုင်ရေးအတွက် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) သို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

Ref: Bangkok Post

မူရင်းသတင်း — Eleven Media Group