
Apple ကုမ္ပဏီ၏ စီအီးအိုအသစ် ဂျွန်တာနက်စ်သည် ခေါက်ဖုန်းအမျိုးအစား iPhone Duo ကို စက်တင်ဘာ ၉ ရက်က မိတ်ဆက်ပြသခဲ့ပြီး လူထုရှေ့မှောက်သို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။
ယခုလအတွင်း Apple စီအီးအိုအဖြစ် ကာလကြာရှည်တာဝန်ယူခဲ့သည့် တင်မ်ကွတ်၏ နေရာကို အစားထိုးဝင်ရောက်ခဲ့သည့် ဂျွန်တာနက်စ်သည် ဆယ်စုနှစ် နှစ်စုနီးပါးကာလအတွင်း iPhone ၏ ပထမဆုံးသော အဓိကဒီဇိုင်းအပြောင်းအလဲဖြစ်သည့် iPhone Duo ကို မိတ်ဆက်ပြသခဲ့ခြင်းဖြစ်သည်။
Apple သည် တောင်ကိုရီးယား၏ Samsung နှင့် တရုတ်၏ Huawei တို့နှင့် နှိုင်းယှဉ်ပါက ခေါက်ဖုန်း ဈေးကွက်အတွင်းသို့ နောက်ကျမှ ဝင်ရောက်လာခြင်း ဖြစ်သည်။
"အခြားသူတွေက ဖုန်းနှစ်လုံးကို အဆင်မပြေသလို ပူးကပ်ထားသလိုမျိုး ခံစားရတဲ့ ခေါက်ဖုန်းတွေကို ဖန်တီးခဲ့ကြတာပါ" ဟု တားနပ်စ်က ကာလီဖိုးနီးယားရှိ Apple ဌာနချုပ်တွင် ပရိသတ်များအား ပြောကြားခဲ့ပြီး Apple ၏ မော်ဒယ်သည် ခေါက်ဖုန်း အသုံးပြုမှု အတွေ့အကြုံကို အဓိပ္ပာယ်သစ် ဖွင့်ဆိုပေးနိုင်ခဲ့သည်ဟု ဆိုသည်။
iPhone Duo သည် အမေရိကန်တွင် ၁၉၉၉ ဒေါ်လာမှ စတင်မည်ဖြစ်ပြီး အမျိုးအစားအလိုက် ဒေါ်လာ ၃၂၀၀ အထိ ရှိနိုင်သည်။
အဆိုပါ ခေါက်ဖုန်းကို တီထွင်ဖန်တီးရန် ၈ နှစ်ကြာ ရင်းနှီးမြှုပ်နှံခဲ့ရပြီး တားနပ်စ်သည် Apple ၏ hardware ဌာနတွင် ထိပ်တန်းအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ထိုပရောဂျက်တွင် တိုက်ရိုက် ပါဝင်ခဲ့ခြင်းဖြစ်သည်။
iPhone Duo ဖုန်းကို ဖြန့်လိုက်ပါက အရွယ်အစားသေးငယ်သည့် iPad တစ်ခုနှင့် တူညီပြီး ခေါက်ထားသည့် အခါ မျက်နှာပြင်ပိုမိုကျယ်ပြန့်သော iPhone တစ်လုံးနှင့် ဆင်တူသည်။
Ref: BBC