Eleven Media Group

ပိုလန်တွင် စက်ရုပ်များဖြင့် ဆန္ဒပြပွဲ ပြုလုပ်

ပိုလန်နိုင်ငံ ဝါဆောမြို့တော်၏ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန၏ ရှေ့ဘက်လမ်းမများပေါ်တွင် စက်တင်ဘာ ၆ ရက်က စက်ရုပ် ၃၀ ခန့်ဖြင့် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ထိုဆန္ဒပြပွဲကို Democratism အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုပ်များသည် အလံများ ဝှေ့ယမ်းခြင်း၊ ကြွေးကြော်သံများ ထုတ်လွှင့်ခြင်းနှင့် စက်ဝိုင်းပုံသဏ္ဌာန် ချီတက်ခြင်းများ ပြုလုပ်ခဲ့သည်။

AI နည်းပညာနှင့် စက်ရုပ်စနစ်များ၏ လုပ်ငန်းခွင်အပေါ် သက်ရောက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများစတင်ပြုလုပ်ရန်နှင့် နည်းပညာထိန်းကျောင်း ကွပ်ကဲမှုများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ဆန္ဒပြမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Democratism အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

"ဒီမှာရှိနေတဲ့ စက်ရုပ်တွေက ဒီနည်းပညာဟာ လက်တွေ့ဖြစ်လာနေပြီဆိုတာကို ပြသဖို့ဖြစ်ပါတယ်" ဟု AI နည်းပညာသုံး လူတူစက်ရုပ်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည့် Agibot A3 စက်ရုပ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ခြေနှစ်ချောင်းထောက် လူတူစက်ရုပ်များနှင့် ခွေးပုံစံ ခြေလေးချောင်းထောက် စက်ရုပ်များအထိ ပါဝင်သည့် အဆိုပါ စက်ရုပ်များသည် ဆန္ဒပြနေချိန်အတွင်း "လုပ်ငန်းခွင်များကို ကာကွယ်ကြ"၊ "စည်းမျဉ်းများသတ်မှတ်ရန် အချိန်တန်ပြီ" နှင့် "အခုချက်ချင်း ကွပ်ကဲပေးပါ" ဟူသော ကြွေးကြော်သံများကို စပီကာများမှတစ်ဆင့် အသံလွှင့်ခဲ့ကြသည်။

"လူတူစက်ရုပ်တွေနဲ့ AI နည်းပညာတွေဟာ လူသားတွေကို အစားထိုးလာနိုင်ခြေရှိတဲ့ ပြဿနာကို ကျွန်တော်တို့ မီးမောင်းထိုးပြချင်တာပါ။ ကျွန်တော်တို့ အခုချက်ချင်း အရေးယူမဆောင်ရွက်ဘူးဆိုရင် မကြာခင်မှာ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်" ဟု ပွဲစီစဉ်သူ ယက်ဂို့ရှ် ကူးလစ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ထို့ပြင် လူသားအလုပ်သမားများကို အကာအကွယ်ပေးနိုင်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ကြပ်မတ်ထိန်းကျောင်းမှုများလိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

"စက်ရုပ်နည်းပညာ တိုးတက်လာတာနဲ့အမျှ ထိန်းချုပ်ရခက်တဲ့ AI မော်ဒယ်တွေကို လူတူစက်ရုပ်တွေမှာ ထည့်သွင်းအသုံးပြုလာတာဟာ အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

စက်ရုပ်ကုမ္ပဏီတစ်ခု၏ နည်းပညာအရာရှိချုပ် (CIO) နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခု၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Kulis သည် ယခင်က မိသားစု၊ အလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ကြီးဌာန၏ အလုပ်သမားဈေးကွက်ကောင်စီတွင် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဇူလိုင်လအတွင်းက ပိုလန်နိုင်ငံ၏ ကွန်ဆာဗေးတစ် အမျိုးသားရေးဝါဒီ သမ္မတ ကာရိုလ် နာဗရော့စကီးသည် ဥရောပသမဂ္ဂ၏ AI နည်းပညာ ဆိုင်ရာ ဥပဒေမူဘောင်ကို လက်တွေ့အကောင်အထည်ဖော်ရန် ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီးဌာနက တင်သွင်းသည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group