Eleven Media Group

ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ်ဂိုး(၉၀၀)ပြည့်ကို မူဆီယာလာ သွင်းယူ

Photo: X

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မူဆီယာလာဟာ အသင်းအတွက် ချန်ပီယံလိဂ်ဂိုး(၉၀၀)ပြည့်ကို သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဘိုဒယ်ဂလင့်ကို (၅-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မူဆီယာလာက အသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့တာပါ။
မူဆီယာလာ(၂၃ နှစ်)ဟာ ရာသီကြိုကာလအတွင်း ခြေစမ်းပွဲနှစ်ပွဲမှာ အာရုံကြောပြဿနာကြောင့် ကွင်းအတွင်းလဲကျမှုတွေ ဖြစ်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ဒီပွဲမှာမှ ပွဲထွက်ကစားသမားအဖြစ် ပြန်ကစားခွင့်ရခဲ့တာပါ။
ဒီလိုအခြေအနေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ကြောင်းနဲ့ ကြံ့ခိုင်မှုလည်း ကောင်းမွန်နေပြီဖြစ်ကြောင်း မူဆီယာလာက ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီကလည်း ကွင်းထဲက ပရိသတ်(၇၅၀၀၀)သာမက TV ရှေ့မှာ ရှိနေကြတဲ့လူတွေလည်း မူဆီယာလာအတွက် ပျော်ရွှင်ကြလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်(ယခင် ဥရောပဖလားအပါအဝင်)ပြိုင်ပွဲမှာ သွင်းဂိုး(၉၀၄)ဂိုး ရှိသွားခဲ့ပြီး (၁၁၃၉)ဂိုး သွင်းယူထားတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group