
ကိုမိုအသင်းရဲ့နည်းပြ ဖာဘရီဂတ်စ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းဝင်နိုင်ပွဲ ရရှိခဲ့ပေမဲ့ ပြိုင်ပွဲတိုင်းမှာ စွမ်းဆောင်ရည်ကောင်းအောင် ကြိုးစားရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုမိုအသင်းဟာ ဒီရာသီမှာမှ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိိမ် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပြီး မနေ့ညက ယှဉ်ပြိုင်တဲ့ပွဲဦးထွက်မှာ လိုက်ပ်ဇစ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ကိုမိုအသင်းက အိမ်ကွင်းကို UEFA ရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် အမြန်ဆုံး ပြင်ဆင်ခဲ့ရတာကြောင့် လိုက်ပ်ဇစ်နဲ့ပွဲမှာ ပရိသတ်(၁၀၀၀၀)စွန်းစွန်းသာ ကြည့်ရှုခွင့်ရခဲ့ကြောင်းလည်း သိရပါတယ်။
''ဒါက ကျွန်တော်နဲ့ ကျွန်တော့်ကစားသမားတွေအတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တာပါ။ လွန်ခဲ့တဲ့ ရာသီအနည်းငယ်တုန်းက ကျွန်တော်တို့ စီးရီးဘီမှာ ရှိနေခဲ့ပြီး အခုတော့ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီဖြစ်သလို၊ ပြိုင်ဘက်ကိုလည်း အနိုင်ရခဲ့ပါပြီ။ ဒါကြောင့် ကစားသမားတွေအတွက် အရမ်းဂုဏ်ယူမိသလို၊ ပျော်လည်း ပျော်ရွှင်ပါတယ်။ ဒါပေမဲ့ (၅)မိနစ်ပဲ ပျော်ရွှင်နိုင်တာပါ။ ဘာကြောင့်လဲဆိုတော့ တနင်္လာနေ့ ပါးမားနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် ပြင်ဆင်ရမှာကြောင့်ပါ။ ကျွန်တော်တို့က ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး ချန်ပီယံလိဂ်စွမ်းအင်တွေ ဖြည့်တင်းနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ စီးရီးအေမှာ အစွမ်းကုန်အားမထုတ်နိုင်ခဲ့ရင် ကျွန်တော် ဒေါသထွက်မိမှာပါ'' လို့ ဖာဘရီဂတ်စ်က ပြောကြားခဲ့ပါတယ်။
ကိုမိုအသင်းဟာ ဒီရာသီ စီးရီးအေမှာလည်း (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။