Eleven Media Group

တရုတ်ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားပြီး ၂၅ ဦးသေဆုံး

စက်တင်ဘာ ၁၀ ရက်က တရုတ်ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားပြီး ၂၅ ဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သည့် ချင်တောင်းမြို့တွင် ဆိုက်ကပ်ထားသော အဆိုပါ ကုန်တင်သင်္ဘောကြီးပေါ်၌ မီးစတင်လောင်ကျွမ်းချိန်တွင် လူ ၄၂ ဦး ရှိနေခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

၎င်းတို့အနက် ဒဏ်ရာရရှိသူ ၅ ဦးအပါအဝင် ၁၇ ဦးကို ကယ်တင်နိုင်ခဲ့သည်။

သို့သော် စက်တင်ဘာ ၁၀ ရက်ညနေပိုင်းတွင် ပျောက်ဆုံးနေသူ ၂၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း CCTV က သတင်းထုတ်ပြန်ခဲ့သည်။

Ocean Melody အမည်ရှိ လိုက်ဘေးရီးယားအလံလွှင့်တင်ထားသည့် အဆိုပါ သင်္ဘောကို ပြုပြင်ထိန်းသိမ်းရန် ဆိပ်ကပ်ထားစဉ် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group