Eleven Media Group

နိုင်ဂျီးရီးယားနိုင်ငံ၏ အရှေ့ပိုင်းကျေးလက်ဒေသ၌ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၅၀ အထိရှိလာ

နိုင်ဂျီးရီးယားနိုင်ငံ၏ အရှေ့ပိုင်းကျေးလက်ဒေသတွင် သေနတ်သမားများ၏တိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း အရေအတွက်သည် အနည်းဆုံး ၅၀ အထိရှိလာသည်ဟု အသက်ရှင်ကျန်ရစ်သူများနှင့် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

နောက်ထပ်အလောင်းများကို တွေ့ခဲ့ပြီးနောက် သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။ သေဆုံးသူအချို့မှာ တိုက်ခိုက်သူများ၏ လက်မှလွတ်မြောက်ရန် ထွက်ပြေးရာမှ ရေနစ်သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က ပြောကြားခဲ့ကြသည်။

ဓားပြဂိုဏ်းယူဆရသောအဖွဲ့မှ သေနတ်သမားများသည် ဆိုင်ကယ်များဖြင့် အရှေ့ပိုင်းတာရာဘာရှိ ဘင်နာရီသို့ စီးနင်းဝင်ရောက်ခဲ့ကြပြီး သောကြာဝတ်ပြုပွဲအပြီးတွင် လူအများအပြားကို သတ်ခဲ့ခြင်း ဖြစ်သည်။

သူတို့က စတိုးဆိုင်များကို ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူခဲ့ကြကာ ဆိုင်များကို မီးရှို့ခဲ့ကြသည်။

တာဘာရာသည် ဂျီဟတ်သောင်းကျန်းမှု ကာလရှည်ဖြစ်ပေါ်နေသော နိုင်ဂျီးရီုးယား အရှေ့မြောက်ပိုင်းနှင့် မတည်မငြိမ်ဖြစ်နေသော အလယ်ပိုင်းဒေသတို့၏ကြားတွင် တည်ရှိသည်။ အလယ်ပိုင်းဒေသည် ဓားပြအဖွဲ့ များဟုခေါ်သော ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်နေရသောဒေသ ဖြစ်သည်။

သဘောတရားအတွေးအခေါ်ဆိုသည်ထက် ငွေကြေးကြောင့် နိုင်ဂျီးရီးယား ဓားပြများ ထိန်းသိမ်းကြပ်မတ်မှု အားနည်းသော ကျေးလက်ဒေသများကို ပစ်မှတ်ထားကြပြီး ပြန်ပေးဆွဲကာ ငွေဖြင့်ပြန်ရွေးစေခြင်းနှင့် လူသတ်ခြင်းတို့ကို လုပ်ဆောင်နေကြသည်။

"အောက်တိုဘာ ၂၃ ရက်မှာ ဓားပြတွေက ကျွန်တော်တို့ရဲ့ဒေသကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ အလောင်းခုနစ်လောင်းကို တွေ့ခဲ့ပါတယ်"ဟု တာဘာရာပြည်နယ်ရှိ ဘင်နာရီဒေသခံ ဘာရှာမာမူဒါမူဆာက ပြောကြားခဲ့သည်။

နောက်တစ်နေ့ဖြစ်သည့် အောက်တိုဘာ ၂၄ ရက်တွင် မြစ်ထဲ၌ နောက်ထပ်အလောင်း ၄၃ လောင်းကို တွေ့ရှိခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် သေဆုံးသူ စုစုပေါင်းသည် ၅၀ ရှိလာသည်ဟုသူက ဖြည့်စွက် ပြောသည်။ သေဆုံးသူအများစုမှာ မြစ်ဆီသို့ထွက်ပြေးကြသည့် အမျိုးသမီးများနှင့်ကလေးများဖြစ်သည်ဟု ဆိုသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group