Eleven Media Group

အီရန်က စစ်ပွဲပြန်လည်ဖြစ်ပွားလာလည်း ၎င်းတို့၏ရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ဟု ဆို

အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲပြန်ဖြစ်ခဲ့လျှင်လည်း အီရန်နိုင်ငံ၏ မူဝါဒနှင့် ရပ်တည်ချက်များ ပြောင်းလဲသွားမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်စစ်ဆင်ရေး ပြန်လည်ပြုလုပ်နိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှု မြင့်တက်လာချိန် အီရန်ဘက်က ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။ ဒေါ်နယ်ထရန့်က အီရန်ကိုပြုလုပ်ခဲ့သည့် “Epic Fury” စစ်ဆင်ရေးကို ရည်ညွှန်းကာ နောက်ထပ် Epic Fury အသေးစားတစ်ခု လုပ်ပစ်နိုင်သည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သည့် တီဟီရန်အခမ်းအနားတစ်ခုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက “စစ်ပွဲရှိရှိ ၊ မရှိရှိ အီရန်ရဲ့ မူဝါဒကတော့ အတူတူပါပဲ။ သူတို့အရင်က နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ခဲ့ပြီးပါပြီ။ နောက်တစ်ကြိမ် ထပ်စမ်းချင်တယ်ဆိုရင်လည်း အရင်ကရလဒ်တွေနဲ့ ကွဲပြားတဲ့ရလာဒ် ရမလာနိုင်ဘူးဆိုတာ သူတို့သိတယ်” ဟု ပြောခဲ့သည်။

ဧပြီ ၈ ရက်တွင် အီရန်နှင့် အမေရိကန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီးနောက် တိုက်ပွဲများ ရပ်သွားခဲ့သည်။ သို့သော် မဟာဗျူဟာအရ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားနှင့် ၎င်း၏အနီးဝန်းကျင် ဒေသများတွင် ရံဖန်ရံခါ တိုက်ခိုက်မှုများ ဖြစ်ပွားသည်မှလွဲပြီး စစ်ရေးတင်းမာမှုများ လျော့လာခဲ့သည်။

သို့သော် လက်ရှိစစ်ပွဲကြောင့် ဒေသတွင်းအခြေအနေအားလုံး ပြောင်းလဲသွားပြီဖြစ်ကြောင်းကို အီရန်နိုင်ငံခြား ရေးဝန်ကြီးက “ဟော်မုဇ်ရေလက်ကြားအတွင်းက ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွေဟာ အရင်ကနဲ့ မတူတော့ဘူး။ အဲဒီရေလက်ကြားကို စီမံခန့်ခွဲပုံကလည်း အရင်အတိုင်း ဖြစ်မှာမဟုတ်တော့ဘူး” ဟုဆိုသည်။

ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန် ပြည်ပတပ်ဖွဲ့များ လုံးဝကင်းစင်သည့် အခြေအနေတစ်ရပ်သို့ ဦးတည်သွားရမည်ဟုလည်း အာရာချီက ပြောခဲ့သည်။

Ref: AFP , Photo:AP

မူရင်းသတင်း — Eleven Media Group