Eleven Media Group

၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ ကားစျေးကွက်အတွင်း EV ကားများက စျေးကွက်‌‌ဝေစု ၈၀ ရာခိုင်နှုန်းအထိ ရရှိလာလိမ့်မည်ဟု သုတေသီတစ်ဦး ပြောကြား

၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ ကားစျေးကွက်အတွင်း EV ကားများက စျေးကွက်‌‌ဝေစု ၈၀ ရာခိုင်နှုန်းအထိ ရရှိလာလိမ့်မည်ဟု နိုင်ငံပိုင် စက်သုံးဆီကုမ္ပဏီ Sinopec မှ သုတေသီတစ်ဦးက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ EV ကားများ စျေးကွက်‌ဝေစု ပိုမိုရရှိလာခြင်းက ကမ္ဘာ့အကြီးမားဆုံး ရေနံစိမ်း တင်သွင်းသည့် တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအားကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌ EV ကားများ အသုံးပြုမှုကြောင့် ရေနံဝယ်လိုအား တန်ချိန် ၅၆ သန်း (သို့မဟုတ်) တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၂ သန်းခန့် လျှော့ချနိုင်မည်ဟု Sinopec ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု သုတေသနအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖယ်ရီ ဝမ်က စင်ကာပူတွင် ကျင်းပသည့် APPEC ညီလာခံ၌ ပြောကြားခဲ့သည်။

"ဒါဟာ တရုတ်နိုင်ငံရဲ့ စက်သုံးဆီ ထုတ်ကုန် စုစုပေါင်း ဝယ်လိုအားရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးနဲ့ ညီမျှပါတယ်။ အစားထိုး လျှော့ချလိုက်နိုင်တဲ့ ဝယ်လိုအားရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ဓာတ်ဆီသုံး ယာဉ်တွေက ဖြစ်ပြီး ကျန် ၃ ပုံ ၁ ပုံကတော့ ဒီဇယ်သုံး ယာဉ်တွေက ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် EV ကား ဈေးကွက်အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံ၌ EV ကား သုံးစွဲမှုနှုန်းသည် ဇူလိုင်လတွင် ၆၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်က ၅၃ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်က ၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း ဝမ်က ဆိုသည်။

အဆိုပါ ကိန်းဂဏန်းများတွင် ဘက်ထရီသီးသန့် လျှပ်စစ်ကားများရော အင်ဂျင်နှင့် ဘက်ထရီ နှစ်မျိုးစပ်အသုံးပြုပြီး ဘက်ထရီကို ပြင်ပအားသွင်းကြိုးဖြင့် အားသွင်းနိုင်သည့် (Plug-in Hybrid) ယာဉ်များပါ ပါဝင်သည်။

လက်ရှိတွင် တရုတ်နိုင်ငံရှိ ပြည်သူ့သယ်ယူပို့ဆောင်ရေးယာဉ်အားလုံးနီးပါးကို EV ကားများအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် လက်ရှိ၌ EV အားသွင်းစခန်းပေါင်း ၂၃ သန်းခန့် ရှိနေပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် နေအိမ်သုံး အားသွင်းစနစ်များဖြစ်ကာ ကျန်ရှိသောစခန်းများသည် အများပြည်သူသုံး အားသွင်းစနစ်များ ဖြစ်ကြောင်း ဝမ် က ပြောကြားခဲ့သည်။

Source: ရိုက်တာ

မူရင်းသတင်း — Eleven Media Group