
မက္ကဆီကိုလက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ရာဖေးလ်မားကွက်ဇ်က အသင်းကို ကစားသမားဘဝကထက် ပိုမိုသာလွန်တဲ့အဆင့်ကို ပို့ဆောင်ပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။
ရာဖေးလ်မားကွက်ဇ်ဟာ မက္ကဆီကိုလက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ ခန့်အပ်ခံထားရသူဖြစ်ပြီး မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ တရားဝင်မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။
ရာဖေးလ်မားကွက်ဇ်(၄၇ နှစ်)ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀ါရင့်နည်းပြ အဂွီရီးရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဇူလိုင်လမှာ လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ရာဖေးလ်မားကွက်ဇ်ဟာ ကစားသမားဘဝမှာ မက္ကဆီကိုအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ကြိမ်ဆက် ဆင်နွှဲခွင့်ရခဲ့ပေမဲ့ (၅)ကြိမ်စလုံး ရှုံးထွက်(၁၆)သင်းအဆင့်သာ ရောက်ရှိခဲ့ပါတယ်။
''ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၆)သင်းအဆင့်ထက်ကျော်လွန်အောင် စွမ်းဆောင်ချင်ပါတယ်။ ကစားသမားအနေနဲ့ ဆင်နွှဲခဲ့တဲ့ ကမ္ဘာ့ဖလား(၅)ကြိမ်မှာတော့ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ တူညီတဲ့အဆင့်ကိုပဲ ရောက်ရှိခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော် အခွင့်အရေးရလာပါပြီ။ ကျွန်တော် သုညကနေ အစပြုရတာ မဟုတ်ပါဘူး။ အဂွီရီးနဲ့ လက်တွဲအလုပ်လုပ်ခဲ့ပြီး သူက ကြီးမားတဲ့ ယုံကြည်မှုလည်း ပေးခဲ့ပါတယ်။ ကစားသမားတွေနဲ့ အသင်းရဲ့အနေအထားကိုလည်း ကျွန်တော် ကောင်းကောင်းသိထားပါတယ်။ အကောင်းဆုံးထောက်ပံ့ကူညီမှုတွေလည်း ရှိနေပါတယ်။ လက်ရွေးစင်အသင်းကို နောက်ထပ်အဆင့်တစ်ဆင့်ရောက်ရှိအောင် ကျွန်တော်တို့ လုပ်ဆောင်ချင်ပါတယ်'' လို့ ရာဖေးလ်မားကွက်ဇ်က ပြောကြားခဲ့ပါတယ်။
ရာဖေးလ်မားကွက်ဇ်ဟာ စက်တင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ မက္ကဆီကိုလက်ရွေးစင်နည်းပြအဖြစ် စတင်ကိုင်တွယ်ရမှာဖြစ်ပြီး စက်တင်ဘာ(၂၆)မှာ ကိုလံဘီယာ၊ စက်တင်ဘာ(၂၉)မှာ ပီရူးအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ရမှာပါ။