
သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးလျှင် လက်ရှိစစ်ပွဲကို အီရန်ဘက်က ဆက်လက်ဆင်နွှဲတော့မည်မဟုတ်ဘဲ အဆုံးသတ်ရန် ကြိုးပမ်းလာလိမ့်မည်ဟု မျှော်လင့်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းကလည်း ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကျဆင်းနိုင်ဖွယ် မရှိသေးဟု ထရန့်ကပြောသည်။
တက္ကဆက်ပြည်နယ် ၊ ဒါးလက်စ်မြို့တွင် ပြုလုပ်သည့် ရီပတ်ဘလစ်ကန်ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ညီလာခံသို့သွားရောက်စဉ် ထရန့်က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်က နိုဝင်ဘာအထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲကာ ၎င်းကို နိုင်ငံရေးအရထိခိုက်စေရန် ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိစေရန် အလွန်အမင်း ကြိုးပမ်းနေပြီး အားနည်းသည့် အမေရိကန်အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ကာ အီရန်ကို နျူကလီးယား လက်နက် ရရှိခွင့်ပေးမည့် အခြေအနေဖန်တီးရန် ကြိုးစားနေသည်ဟုလည်း ဒေါ်နယ်ထရန့်က ပြောခဲ့သည်။
သို့သော် အီရန်နိုင်ငံပြိုလဲရန် နီးကပ်နေပြီဟု ယုံကြည်ကြောင်း ထရန့်က ဆက်လက်ပြောဆိုပြီး ရွေးကောက်ပွဲပြီးပြီးချင်း စစ်ပွဲအဆုံးသတ်ရေးကို ကြိုးပမ်းလာမည်ဖြစ်သဖြင့် ရေနံဈေးနှုန်းများလည်း သိသိသာသာ ကျသွားနိုင်သည်၊ “သူတို့ ဒီထက်ပိုပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး” ဟု ထရန့်ကဆိုသည်။
ကမ္ဘာ့ရေနံဈေးက တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ တစ်ဖန်မြင့်တက်လာခဲ့ပြီး အီရန်နိုင်ငံ အတွင်း မကြာသေးမီရက်ပိုင်းက တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစိမ်း သယ်ယူပို့ဆောင်ရာတွင် အန္တရာယ်ပိုကြီးလာခြင်းက ရေနံဈေးမြင့်တက်လာမှု၏ အဓိကအကြောင်းရင်း ဖြစ်သည်။
အီရန်ဘက်က သင်္ဘောများကို တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲကို ပြသနေသည့်အတွက် ထရန့်အစိုးရအနေဖြင့် လည်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာရန် ရေနံတင်သင်္ဘောများအား စည်းရုံးရာတွင် အခက်အခဲများကြုံနေရသည်။
Ref:CNN
Photo: AP