
ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ယခင်က ရင်ဆိုင်ခဲ့ရသည့် ခြိမ်းခြောက်မှုများကို အလွန်အကျွံ အာရုံစိုက်မနေဘဲ 9/11 အကြမ်းဖက်တိုက်ခိုက်မှုမျိုးကဲ့သို့ မဟာဗျူဟာအရ ကြီးမားသည့်အန္တရာယ်တစ်ခုကို မိမိတို့ မျှော်လင့်မထားသည့် နေရာတစ်ခုတွင် ကြိုတင်စီစဉ်နေဖွယ်ရှိသည်ကို သတိပြုရန်လိုသည်ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI5 ၏အကြီးအကဲ ကင် မက်ကာလမ်က ပြောကြားလိုက်သည်။
အယ်လ်ကိုင်းဒါးအဖွဲ့ဝင်များက ခရီးသည်တင်လေယာဉ်များကို ပြန်ပေးဆွဲကာ ထိုလေယာဉ်များဖြင့် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာနှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သည့် 9/11 ဖြစ်ရပ် ယနေ့စက်တင်ဘာ ၁၁ ရက်တွင် ၂၅ နှစ်ပြည့်ပြီဖြစ်ပြီး ထိုအထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ဆောင်းပါးတွင် မက်ကာလမ်က သတိပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိအတွက်ရော၊ အနာဂတ်မှာပါ ပေါ်ပေါက်လာနိုင်သည့် စိန်ခေါ်မှုအသစ်များအတွက် လုံခြုံရေးအဖွဲ့များအနေဖြင့် အခြေအနေကိုလိုက်ပြီး လျင်မြန်စွာ ပြောင်းလဲတုံ့ပြန်နိုင်ရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ယခင်တိုက်ခိုက်မှုများမှ သင်ခန်းစာယူရန် လိုအပ်သော်လည်း ယခင်ရန်သူ၊ ယခင်နည်းလမ်းများနှင့် ယခင်ပစ်မှတ်များကိုသာ အခြေခံပြီး ပြင်ဆင်နေခြင်းမျိုးကို ရှောင်ရှားရမည်ဖြစ်ကြောင်း မက်ကာလမ်က Independent သတင်းစာတွင် ရေးသားခဲ့သည်။
“စိတ်မသက်သာဖွယ်ကောင်းတဲ့ အမှန်တရားကတော့ နောက်ထပ် အန္တရာယ်ဟာ ကျွန်တော်တို့ သတိမထားမိသေးတဲ့ တစ်နေရာရာမှာ အခုကတည်းက ပုံဖော်နေပြီး ဖြစ်နိုင်တယ်” ဟု မက်ကာလမ်က သတိပေးထားခြင်းဖြစ်သည်။
အယ်လ်ကိုင်းဒါးက အင်အားနည်းလာပြီဖြစ်သော်လည်း အခြားစစ်သွေးကြွအဖွဲ့များက လူအပြုံလိုက်သေစေနိုင်သည့် တိုက်ခိုက်မှုများ ပြုလုပ်ရန် ရည်ရွယ်ချက် ဆက်လက်ရှိနေဆဲဟုလည်း မက်ကာလမ်ကဆိုသည်။ သက်သေအဖြစ် မကြာသေးမီက မန်ချက်စတာမြို့တွင် ဂျူးအသိုင်းအဝိုင်းကို ပစ်ခတ်ကာ လူရာနှင့်ချီသတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့နှင့် ဆက်နွယ်နေသည့် အစီအစဉ်တစ်ရပ်ကို တားဆီးလိုက်ရသည်ဟု ၎င်းက ဆိုသည်။
9/11 တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် အနာဂတ်တိုက်ခိုက်မှုများ၏ သားကောင်ဖြစ်လာနိုင်သူများအတွက် ဂုဏ်ပြုသတိရနေရုံဖြင့် မလုံလောက်ကြောင်း၊ နောက်ထပ်အန္တရာယ်တစ်ခု မကျရောက်မီ ကြိုတင်ပြင်ဆင်ထားရန်၊ ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားရန်နှင့် အခြေအနေအလိုက် ပြောင်းလဲဆောင်ရွက်နိုင်စွမ်း ရှိရန်လိုအပ်ကြောင်း မက်ကာလမ်က သတိပေးနေသည်။
Ref: Reuters
Photo: South China Morning Post