Eleven Media Group

■ ဘရာဇီးလ်သမ္မတရွေးကောက်ပွဲ မဲမသမာမှုများရှိပြီး အကျင့်ပျက်ခြစားမှုများဖြစ်ပွားခဲ့ပုံရကြောင်း ထရန့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်ရှိ ဘရာဇီးလ်သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိပြီး အကျင့်ပျက်ခြစားမှုများဖြစ်ပွားခဲ့ပုံရသည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

မစ္စစ္စပီပြည်နယ်၊ ကိုရင့်သ်မြို့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လူထုစည်းဝေးပွဲသို့ သွားရောက်စဉ် ထရန့်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၅ ရက်က ဒုတိယအကျော့ မဲပေးမှုဖြင့် အဆုံးသတ်ခဲ့သည့် ဘရာဇီးလ်သမ္မတရွေးကောက်ပွဲက မျှတမှုရှိပါသလားဟု မေးမြန်းလာသည့်အပေါ် ထရန့်က “ကြည့်ရတာ အတော်ဆိုးပါတယ်။ ပွင့်ပွင်းလင်းလင်းပြောရရင် နောက်ထပ် မဲမသမာမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခုလိုပဲ” ဟု ဖြေခဲ့သည်။

ဘရာဇီးလ်လက်ဝဲယိမ်းသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆီဗာက ဒုတိယအကျော့ မဲပေးမှုတွင် အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရိုကို အနိုင်ရရှိကာ သမ္မတအဖြစ် စတုတ္ထအကြိမ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပြီးနောက် ထရန့်၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် လူလာက တရားဝင်မဲများ၏ ၅၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ မဲအရေအတွက်အားဖြင့် ၆၄ သန်းကျော် ရရှိခဲ့ပြီး ပြိုင်ဖက် ဘော်ဆိုနာရိုက ၄၈ ဒသမ ၂၁ ရာခိုင်နှုန်း ရရှိခဲ့သည်။

“ရွေးကောက်ပွဲတွေက အငြင်းပွားစရာ မရှိရဘူး။ ဒီရွေးကောက်ပွဲကတော့ ကျွန်တော့်အမြင်အရ အတော်ဆိုးရွားနေတယ်” ဟု ထရန့်က ဆိုကာ ဘရာဇီးလ်ရွေးကောက်ပွဲ အခြေအနေသည် နိုင်ငံတကာအသိုင်းအဝိုင်းရှေ့တွင် အပျက်သဘောဆောင်သည့် ပုံရိပ်တစ်ခု ဖြစ်စေခဲ့သည်ဟု ဝေဖန်ခဲ့သည်။

မိမိအနေဖြင့် မည်သည့်သမ္မတလောင်းကိုမျှ ထောက်ခံခြင်းမရှိကြောင်း၊ လူလာနှင့်လည်း အဆင်ပြေကြောင်း သို့သော် နောက်တစ်ကြိမ် သမ္မတဖြစ်ခွင့်ရခြင်းမှာမူ အလွန်ထူးဆန်းနေကြောင်း ထရန့်က ပြောကြားခဲ့သည်။

Ref: Anadolu Agency
Photo: AP

မူရင်းသတင်း — Eleven Media Group