
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အကြိတ်အနယ် ယှဉ်ပြိုင်နေသည့် ရွေးကောက်ပွဲတွင် ရလဒ်မည်သို့ပင် ထွက်ပေါ်လာစေကာမူ အီရန်အတွက် ထူးခြားမှုမရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
“ဒေသတွင်းမှာ အကြမ်းဖက်မှုကလွဲပြီး ဘာမှမပေးတဲ့ အဲဒီအစိုးရကို ဘယ်သူပဲဦးဆောင် ဦးဆောင် ကျွန်တော်တို့အတွက် ထူးခြားမှုမရှိပါဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေး ဘာဂါအီက အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
အစ္စရေးတွင် အောက်တိုဘာ ၂၇ ရက်၌ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပနေပြီဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ်တိုက်ခိုက်မှု ပြန်လည်စတင်မည်ဟု ခြိမ်းခြောက်မှုများ မြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
မကြာသေးမီရက်များအတွင်း နေတန်ယာဟုက အီရန်အစိုးရကို ဖြုတ်ချမှသာ အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ အောက်တိုဘာ ၂၅ ရက်ကလည်း အစ္စရေး Channel 14 ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အီရန်အစိုးရကို ဖြုတ်ချရန် အစ္စရေးထောက်လှမ်းရေးအဖွဲ့မော့ဆက်နှင့် စစ်တပ်တို့ကို ညွှန်ကြားထားကြောင်း နေတန်ယာဟုက ပြောခဲ့သည်။ နေတန်ယာဟု၏ မှတ်ချက်များကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဓိပ္ပာယ်မဲ့ခြိမ်းခြောက်မှုများသာဟု တုံ့ပြန်ထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီကလည်း အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲပြန်ဖြစ်ခဲ့လျှင်လည်း အီရန်နိုင်ငံ၏ မူဝါဒနှင့် ရပ်တည်ချက်များ ပြောင်းလဲသွားမည်မဟုတ်ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ပြောဆိုခဲ့သည်။
Ref: AFP
Photo: AP