
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကိုရီနာ မာချာဒိုသည် ပြည်ပတွင် တစ်နှစ်နီးပါးကြာ နေထိုင်ခဲ့ရာမှ နိုင်ငံသို့ ရုတ်တရက်ပြန်ရောက်လာခဲ့ပြီးနောက် ယာယီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
မာချာဒိုသည် အောက်တိုဘာ ၂၅ ရက်က မြို့တော်ကာရာကတ်စ်သို့ ပြန်လည်ရောက်ရှိလာရာ ဗင်နီဇွဲလားအလံများကို ဝှေ့ယမ်းကာ “လွတ်လပ်ရေး” ဟု ကြွေးကြော်နေကြသူများက အဝေးပြေးလမ်းများ၊ ယာဉ်ဖြတ်သန်းခကောက်ခံသည့် နေရာများနှင့် မြို့တွင်းလမ်းမများတစ်လျှောက် စုဝေးကြိုဆိုခဲ့ကြသည်။
မာချာဒိုသည် ၎င်း၏ထုံးစံအတိုင်း အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး မော်တော်ယာဉ်၏ အမိုးဖွင့်ပေါက်မှထွက်ကာ လူအုပ်ကို လက်ပြနှုတ်ဆက်ခဲ့ကာ ထောက်ခံသူများနှင့်လည်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။
အောက်တိုဘာ ၂၆ ရက်တွင် မာချာဒိုက ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂက်ဇ်နှင့် ဆွေးနွေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ရိုဒရီဂက်ဇ်သည် မာချာဒို၏ အဓိကပြိုင်ဘက် သမ္မတနီကိုလတ်စ် မာဒူရို၏ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မာဒူရိုကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယာယီသမ္မတအဖြစ် တာဝန်ယူလျက်ရှိသည်။
မာချာဒို၏ ပြည်တော်ပြန်လာမှုကို ဥရောပသမဂ္ဂကလည်း ကြိုဆိုခဲ့သည်။ “ဗင်နီဇွဲလားအာဏာပိုင်တွေနဲ့ နိုင်ငံရေးအင်အားစု အားလုံးအနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာစေဖို့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု အီးယူနိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ အယ်လ်အနူနီက ပြောသည်။
မာချာဒိုသည် နိုင်ငံသို့ပြန်လာမည်ဟု အကြိမ်ကြိမ်ကတိပြုခဲ့ကာ ရွေးကောက်ပွဲကျင်းပပါက သမ္မတနေရာ ထပ်မံယှဉ်ပြိုင်သွားမည်ဟုလည်း အရိပ်အမြွက် ပြောထားသည်။ ၎င်း၏အကြံပေးများ အဆိုအရ မာချာဒိုသည် ပြီးခဲ့သည့်လများအတွင်း နိုင်ငံသို့ပြန်လာရန် ခုနစ်ကြိမ်ကြိုးပမ်းခဲ့ပြီး မအောင်မြင်ခဲ့ပေ။
Ref: AFP
Photo: AP