
အရှေ့တောင်အာရှရှိ ဒုစရိုက်ကွန်ရက်များသည် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်စွမ်းကို ထိခိုက်စေကြောင်း နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု(IISS) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အီးယူ-အာဆီယံ စီးပွားရေးကောင်စီ၏ တာဝန်ပေးအပ်မှုဖြင့် လေ့လာရေးလုပ်ဆောင်ခဲ့သည့် IISS ၏ အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဥပဒေကြောင်းအရ တရားဝင် စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ် ရေးလမ်းကြောင်းများနှင့် စီးပွားရေးဇုန်များကို အသုံးချအမြတ်ထုတ်နေသည့် ဒုစရိုက် ဗဟိုချက် ၄ ခုကို မီးမောင်းထိုးပြခဲ့သည်။
အဆိုပါ လေ့လာဆန်းစစ်ချက်တွင် အဓိ က ဒုစရိုက်ဗဟိုချက်များအဖြစ် လာအို၊ မြန် မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ရွှေတြိဂံဒေ သ၊ မြန်မာနိုင်ငံ မြဝတီ၏ အချို့သော အစိတ် အပိုင်းများ၊ ကမ္ဘောဒီးယားနိုင်ငံ ရှိ သီဟာနု ဗေးလ်နှင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ပွိုင်းပက်မြို့ တို့ကို ဖော်ထုတ်ညွှန်းဆိုခဲ့သည်။
အဆိုပါ ဒေသများသည် ဆိုက်ဘာ ရာဇ ဝတ်မှု၊ လူကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုများ အပါအဝင် တရားမဝင် လှုပ်ရှားမှုများ ပြုလုပ် ရာ ခြေကုပ်စခန်းများအဖြစ် တည်ရှိနေသဖြင့် နိုင်ငံတကာဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ အဓိ က စိန်ခေါ်မှုများဓ ကို ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဖော်ပြပါ ဗဟိုချက် ၄ ခုတွင် ပါဝင်ခြင်းမရှိသော်လည်း၊ အထူးသ ဖြင့် တရုတ်နိုင်ငံက ဆိုက်ဘာလိမ်လည်မှုများ အပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီးနောက် ဖိလစ်ပိုင်နှင့် ဒေသတွင်း အခြားနေရာများ တွင် အွန်လိုင်းဆိုက်ဘာလိမ်လည်မှု လုပ်ငန်း များနှင့် ကာစီနိုလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် ၎င်းင်းတို့၏ အစိုးရကိုယ်တိုင် နောက်ကွယ်မှ ဦးဆောင်ပြုလုပ်သော ဆိုက်ဘာစစ်ဆင်ရေး များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖိလစ်ပိုင် နိုင်ငံရှိ ကာစီနိုလုပ်ငန်းများနှင့် ခရစ်ပတို ငွေ ကြေးများကို အသုံးပြုနေမှုကိုလည်း အစီရင်ခံ စာက သတိပေးဖော်ပြခဲ့သည်။
“ဒုစရိုက်ကွန်ရက်တွေဟာ တရားမဝင် ကုန်သွယ်မှုကို အားပေး အားမြှောက် ပြုလုပ် နေပြီး ဒေသတွင်း လုံခြုံရေးကိုတင်မကဘဲ စီးပွားရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းကိုပါ ခြိမ်း ခြောက်လျက်ရှိပါတယ်” ဟု အီးယူ-အာဆီယံ စီးပွားရေးကောင်စီ၏ အမှုဆောင်ဒါရိုက်တာ ခရစ် ဟန်းဖရီးက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ”ဒီဒုစရိုက်မှုတွေဟာ အုပ်ချုပ်ရေးစနစ် နဲ့ ဥပဒေစိုးမိုးရေးမှာ အားနည်းချက်တွေရှိနေ တာကို ဖော်ပြနေပြီး စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အရှေ့တောင်အာရှမှာ ရေရှည်ရင်း နှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ တည် ငြိမ်မှုနဲ့ ခန့်မှန်းတွက်ချက်နိုင်စွမ်းတွေကို ပျက် စီးစေပါတယ်” ဟု ဟန်းဖရီး က ထပ်လောင်း ပြောဆိုခဲ့သည်။
အစီရင်ခံစာအရ ဒေသတွင်းရှိ ဒုစရိုက် ဗဟိုချက် အများအပြားသည် အထူးစီးပွားရေး ဇုန်များအတွင်း သို့မဟုတ် အနီးဝန်းကျင်တွင် တည်ရှိနေပြီး အဆိုပါ ဇုန်များ၏ လျော့ရဲသော စည်းမျဉ်းစည်းကမ်းနှင့် ငွေကြေးဆိုင်ရာ အ ခြေအနေများသည် တရားမဝင် လှုပ်ရှားမှုများ အတွက် အခွင့်အလမ်းများကို ပွင့်သွားစေခဲ့ သည်ဟု ဆိုသည်။ ဒုစရိုက်လုပ်ငန်းများမှ ရရှိသော ငွေ ကြေးများသည် အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးနည်းပညာ ကဏ္ဍများအပါအဝင် တရားဝင် စီးပွားရေး ကဏ္ဍများအတွင်းသို့ ပိုမိုစီးဝင်လာနေ ကြောင်းလည်း အစီရင်ခံစာက သတိပေးထား သည်။
အဆိုပါ အခြေအနေများသည် တရား ဝင် စီးပွားရေး လုပ်ဆောင်ချက်များကိုထောက် ပံ့ပေးနေပြီး တစ်ဖက်တွင်လည်း တရားမဝင် ငွေကြေးစီးဆင်းမှုများနှင့် နယ်စပ်ဖြတ်ကျော် ဖွဲ့စည်းထားသော ဒုစရိုက်ဂိုဏ်းများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိုးရိမ်ရသည့် အန္တရာယ်များအပြင် တရားမဝင် ကုန်သွယ်မှု သည် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်၏ ခိုင်မာမှုကို လျော့နည်းစေပြီး တရားဝင် စီးပွား ရေးလုပ်ငန်းများအတွက် မတရားသော ယှဉ်ပြိုင်မှုများကို ဖြစ်ပေါ်စေကြောင်း အီးယူ-အာဆီယံ စီးပွားရေးကောင်စီက ဆိုသည်။ တရားမဝင် ဆေးရွက်ကြီး ကုန်သွယ်မှု ကြောင့် ဖိလစ်ပိုင်နိုင်ငံနှင့် အခြားအရှေ့ တောင်အာရှ စီးပွားရေးနိုင်ငံ ၅ နိုင်ငံတို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း အစိုးရ အခွန်ဘဏ္ဍာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်း ထားသည်။
အဆိုပါခြိမ်းခြောက်မှုများကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် ငွေကြေးဆိုင်ရာ စုစည်းကြည့်ရှုစစ်ဆေးမှုများ၊ သတင်းအချက် အလက် မျှဝေမှုများနှင့် နယ်စပ်ဖြတ်ကျော် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို ပိုမိုအား ကောင်းအောင်လုပ်ဆောင်ရန် IISS က တိုက်တွန်းခဲ့သည်။
ref : inquirer net
photo : bangkok post /absc