Eleven Media Group

ကော်တင်ဟိုကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုဖို့ ဆန်းတို့စ်အသင်း သဘောတူညီမှုရရှိ

Photo: X

ဆန်းတို့စ်အသင်းဟာ နာမည်ကျော်ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ကော်တင်ဟို (၃၄ နှစ်)ဟာ ဗာစကိုဒဂါးမားအသင်းနဲ့ ဖေဖော်ဝါရီလမှာ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာပါ။
ဒါကြောင့် ဆန်းတို့စ်အသင်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး နေမာရဲ့ တိုက်တွန်းမှုကြောင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း ဘရာဇီးလ်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
နေမာနဲ့ ကော်တင်ဟိုတို့က ဆယ်ကျော်သက်အရွယ်ကတည်းက သက်တမ်းအလိုက် ဘရာဇီးလ်လူငယ်အသင်းတွေမှာ အတူကစားခဲ့ကြဖူးတွေဖြစ်ကြောင်း သိရပါတယ်။
နှစ်ဦးစလုံးက ဥရောပမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြပြီးနောက် ဘရာဇီးလ်မြေကို ပြန်လည်ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဆန်းတို့စ်အသင်းမှာ ပြန်လည်တွဲဖက်ကစားရမယ့်အခြေအနေ ဖြစ်လာတာပါ။
ဒါပေမဲ့ လက်ရှိအချိန်မှာ နေမာက ပေါင်ဒဏ်ရာကြောင့် အနားယူနေရပြီး ဒီအတွက်ပဲ ကော်တင်ဟိုကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆန်းတို့စ်အသင်းက ကော်တင်ဟိုကို ရာသီကုန်အထိ (၃)လစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ပေမဲ့ ဒီနေ့ ပြုလုပ်မယ့် ဆေးစစ်မှုအဖြေကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group