
လိဒ်စ်အသင်းရဲ့ မန်းနေးဂျင်းဒါရိုက်တာ ရော်ဘီအီဗန်စ်က နည်းပြ ဒန်နီယဲလ်ဖာ့ခ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
''ဒန်နီယဲလ်က ဒီမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တစ်ခု ပြီးမြောက်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ကျွန်တော်တို့ ရင်ဖိုစွာဖြတ်သန်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ (၃)လအတွင်း ဒန်နီယဲလ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကျွန်တော် တကယ်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု မပြီးသတ်သေးပေမဲ့ တိုးတက်မှုရှိနေပါတယ်'' လို့ ရော်ဘီအီဗန်စ်က ပြောကြားခဲ့ပါတယ်။
ဂျာမနီလူမျိုး ဒန်နီယဲလ်ဖာ့ခ်ဟာ ၂၀၂၃ နွေရာသီမှာ လိဂ်ချန်ပီယံရှစ်ကို ရောက်ရှိနေတဲ့ လိဒ်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒုတိယရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)နေရာ ရပ်တည်နိုင်ခဲ့သလို၊ FA ဖလားမှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တာကြောင့် လိဒ်စ်အသင်း တာဝန်ရှိသူတွေက ဒန်နီယဲလ်ဖာ့ခ်ကို ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။
ဒန်နီယဲလ်ဖာ့ခ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ကြောင်း သိရပါတယ်။