Myanmar National Post

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားရိုးရာအစားအသောက်များ ရောင်းချရန်၊ ဖျော်ဖြေမှုနှင့် အပန်းဖြေဥယျာဉ်အဆောက်အအုံများ တည်ဆောက်ရန်၊ အားကစားကွင်းများ တည်ဆောက်ရန်၊ Shopping Center များ၊ နားနေဆောင်များ တည်ဆောက်ရန်နှင့် သီးခြားဆောင်ရွက်လိုသော လုပ်ငန်းများအတွက် မြေ/အဆောက်အအုံများ ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း သင့်လျော်မည့် မြေဧရိယာကို ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိတ်ဝင်စားမှုလျှောက်လွှာခေါ်ယူခြင်း (Expression of Interest - EOI) နှင့် စပ်လျဉ်း၍ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များ၊ ဝန်ထမ်းအပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်များ၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post