Myanmar National Post

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား သီတင်းကျွတ် အလုပ်ပိတ်ရက်များ တွင် ဘုရားဖူးပြည်သူ(၅၂၀၀၀)ကျော် လာရောက်ဖူးမြှော်






ကျိုက်ထို၊ အောက်တိုဘာ   ၂၈

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် တွင်တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအားသီတင်းကျွတ်လပြည့်နေ့ မှစ၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပခဲ့ရာ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် သီတင်းကျွတ် အလုပ်ပိတ်ရက်များတွင်  ပြည်တွင်း၊ပြည်ပမှ ဘုရားလာရောက်ဖူး‌မြော်ကြသူ ငါးသောင်းနှစ်ထောင်ကျော် ရှိကြောင်းသိရသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့်စိတ်ချမ်းမြေ့စွာဘုရားဖူးမြှော်နိုင်ရန် အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်တက်မော်တော်ယာဉ် ၁၅၂ စီးကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ် လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုး‌တောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့်စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post