Myanmar National Post

ဂျာမနီကတော့ ရုရှားကို တိုက်ဖို့ စစ်ရေးပြင်ဆင်မှုတွေကို လုပ်နေ


အောက်တိုဘာ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

ဂျာမနီရဲ့ အထူးစစ်ဆင်ရေး အထက်တန်းစားတပ်ဖွဲ့ (KSK) ဟုခေါ်တဲ့ လျို့ဝှက်တပ်ဖွဲ့ဟာ ရုရှားနဲ့ ဖြစ်လာနိုင်ချေရှိတဲ့ အကြီးစားစစ်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ယူနစ်မှ တပ်မှူးက Bild သတင်းစာကို ပြောကြားခဲ့ပါတယ်။ မော်စကိုနဲ့ နေတိုးအဖွဲ့ (NATO) ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဂျာမနီအနေနဲ့ ဒီဆယ်စုနှစ်ကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခအတွက် စစ်တပ်က အသင့်ဖြစ်နေဖို့ သတိပေးထားပါတယ်။

KSK တပ်ဖွဲ့ဝင်တွေဟာ ရုရှားရဲ့ တင့်ကားတွေ၊ အမြောက်တွေ၊ ဒရုန်းတွေနဲ့ အီလက်ထရောနစ် စစ်ဆင်ရေး စွမ်းရည်တွေကို ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်မှုတွေကို ပြင်ဆင်နေကြပြီး၊ စစ်ပွဲဖြစ်လာရင်လည်း “အဆုံးအစ မရှိဘဲ” ကွင်းပြင်မှာ အချိန်အကြာကြီး နေထိုင်တိုက်ခိုက်ရဖို့ ပြင်ဆင်ထားကြပါတယ်။

ဒါ့အပြင် ဒီတပ်ဖွဲ့ဟာ ဂျာမနီရဲ့ သာမန်တပ်ဖွဲ့တွေ မဝင်ရောက်ခင်မှာ ကြိုတင်လုပ်ဆောင်ရမည့် မစ်ရှင်တွေကို လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်းနဲ့ ဝန်ထမ်း ၁,၅၀၀ ခန့်ရှိတဲ့ အထဲမှာ သုံးပုံတစ်ပုံသာ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တာတွေကတော့ အုပ်ချုပ်ရေးနဲ့ ထောက်ပံ့ရေး ပံ့ပိုးပေးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဂျာမနီစစ်တပ်အတွင်း နာဇီအလေးပြုတာတွေနဲ့ လက်ယာစွန်း အစွန်းရောက် အရှုပ်တော်ပုံတွေကြောင့်လည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ ဖူးပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ စုံစမ်းစစ်ဆေးမှုတွေအရ ဂျာမနီစစ်တပ်နဲ့ လုံခြုံရေးဝန်ထမ်းတွေ ပါဝင်ပတ်သက် နေတဲ့ မြေအောက် လက်ယာစွန်းကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲက အချို့ဟာ လူထုငြိမ်ဝပ်ပိပြားမှု ပျက်ပြားသွားတဲ့ အခြေအနေမျိုးကြုံလာရင် နိုင်ငံရေးပြိုင်ဘက်တွေကို သတ်ဖြတ်ဖို့အထိ ကြံစည်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ ရဲတပ်ဖွဲ့ဟာ KSK တပ်ဖွဲ့ဝင် စစ်ဗိုလ်တစ်ဦးရဲ့ ပိုင်ဆိုင်မှုနေရာမှာ လက်နက်တွေ၊ ခဲယမ်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ နာဇီခေတ် လက်ရာပစ္စည်း အမြောက်အများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီခဲယမ်းအချို့ဟာ ဘွန်ဒက်စ်ဝဲ ခေါ် ဂျာမနီစစ်တပ်ရဲ့ လက်ကျန်ပစ္စည်းတွေ ထဲကနေ ခိုးယူခံခဲ့ရတာဖြစ်နိုင်တယ်လို့ သံသယရှိခဲ့ကြပါတယ်။

အဲဒီအရှုပ်တော်ပုံတွေကြောင့် အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီးဖြစ်သူ အန်နီဂရက် ကမ့်ပ်-ကာရန်ဘောင်ဝါ  ဟာ KSK ရဲ့ ကွန်မန်ဒို ကုမ္ပဏီလေးခုထဲက တစ်ခုဖြစ်တဲ့ ဒုတိယကုမ္ပဏီ  ကို ဖျက်သိမ်းခဲ့ပြီး ပြုပြင်ပြောင်းလဲမှု အစုံအလင်ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အထူးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ကိုတော့ ဆက်လက် လုပ်ကိုင်ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။

Bild သတင်းစာနဲ့ အင်တာဗျူးမှာ တပ်မှူး ကူးဟ်နီ  က တပ်ဖွဲ့အတွင်း စည်းကမ်းနဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေဟာ “အလွန်ရှားပါးသွားပြီ” ဆိုတာကို လက်ခံပြောကြားခဲ့ပေမဲ့ လုံးဝ ပျောက်ကွယ်သွားတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ အကျင့်ပျက်ခြစားမှုနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်သလို ဖုံးကွယ်သွားမှာလည်း မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post