Eleven Media Group

▪️ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်လဲမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အာဆီယံတွင် ပြန်လည်ဝင်ဆံ့သင့်မြတ်ရေး ကြိုးစားအားထုတ်မှုများအား ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲများက အသိအမှတ်ပြုထောက်ခံကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်လဲမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အာဆီယံတွင် ပြန်လည်ဝင်ဆံ့သင့်မြတ်ရေး ကြိုးစားအားထုတ်မှုများအား ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲများက အသိအမှတ်ပြုထောက်ခံကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ထို့သို့ ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ကမ္ဘောဒီယားခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ယာယီအကြီးအကဲ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

" ဒီလို တွေ့ဆုံမှုတိုင်းမှာ ကျွန်မတို့ ဒီနိုင်ငံအကြီးအကဲတွေက ဘာပြောလဲဆိုတော့ ကျွန်မတို့နိုင်ငံ လက်ရှိ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဒါတွေကိုလည်း ထောက်ခံပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အားပေးပါတယ်။ ကျွန်မတို့ အာဆီယံမှာလည်း နိုင်ငံတကာအသိုက်အဝန်းမှာ ပြန်လည်ဝင်ဆံ့ဖို့ သင့်မြတ်ဖို့ ကျွန်မတို့ ကြိုးစားနေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း အသိအမှတ်ပြုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ကျွန်မတို့ အာဆီယံအဖွဲ့မှာ နဂိုအတိုင်း ပြန်လည်ပြီးတော့ တက်တက်ကြွကြွ ပါဝင်လာစေဖို့ကိုလည်း အပြည့်အဝ ထောက်ခံသွားမယ်၊ နိုင်ငံတကာ မျက်နှာစာမှာလည်း ဒါက အပြည့်အဝ ကျွန်မတို့ ထောက်ခံသွားမယ်"ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြန်မာ့နည်းလမ်းဖြင့် သွားမည်ဟူသော ရပ်တည်ချက်အပေါ် အပြည့်အဝထောက်ခံကြောင်း ပြောကြားမှုများသည် မြန်မာနိုင်ငံ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ပြန်လည်ပေါင်းစည်းရေးကိစ္စရပ်များ၌ များစွာ အထောက်အကူဖြစ်ကြောင်း ၎င်းက ဆိုသည်။

အာဆီယံတွင် မြန်မာနိုင်ငံအား ဖယ်ကြဉ်ထားခြင်း၊ အဆင့်နှိမ့်ချ ဆက်ဆံခြင်းများကို လုံးဝလက်မခံကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံမိသားစုတွင် ဆက်လက်တည်ရှိရမည်ဟူသော က‌မ္ဘောဒီယားနိုင်ငံ၏ ရပ်တည်ချက်များကို ကမ္ဘောဒီယားနိုင်ငံ အကြီးအကဲများက ခိုင်ခိုင်မာမာပြောကြားခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စီးပွားရေးကိစ္စရပ်နှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကမ္ဘောဒီယားနိုင်ငံ Siem Reap နှင့် ပုဂံဒေသအား ညီအစ်မမြို့အဖြစ် ဆောင်ရွက်ရန်နှင့် Two Countries, One Destination ကို အကောင်အထည်ဖော်ရန် သဘောတူညီချက်ရရှိခဲ့ပြီး ယင်းသည် လက်တွေ့အမြန်ဆုံး မြင်တွေ့ရမည့်အချက်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်များ တိုးချဲ့ပျံသန်း ပြေးဆွဲရေး၊ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် စက်မှုထွက်ကုန်ပစ္စည်းအချို့ကို ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယခုခရီးစဉ်တွင် နိုင်ငံတော်သမ္မတက ဒေသတွင်း နိုင်ငံများ ဖြတ်သန်းသွားလာ၍ရမည့် ဟိုချီမင်း-ဖနွမ်းပင်-ဘန်ကောက်-ထားဝယ်ရေနက်ဆိပ်ကမ်း လမ်းကြောင်းအား အဆိုပြုခဲ့ပြီး အဆိုပါလမ်းကြောင်းအား ကမ္ဘောဒီးယားနိုင်ငံက စိတ်ဝင်စားကြောင်းလည်း ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်လိုပြီး ယင်းသို့လုပ်ဆောင်ချိန်တွင် ကုန်းမြေလမ်းကြောင်းအား အသုံးပြုလိုသည့်အတွက် အဆိုပါလမ်းကြောင်းအား စိတ်ဝင်စားခြင်းဖြစ်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group