
■ ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံ ရန်ကုန်မြို့တွင် ပြုလုပ်
■ ယနေ့ဖြတ်သန်းနေရသော အချိန်သည် စံကိုက်ဒီမိုကရေစီမဟုတ်သဖြင့် ပါတီတွင်း နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ရန် အရေးကြီးကြောင်း ပါတီဗဟိုနာယက ပြောကြား
ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံနှင့် စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေးကို (စက်တင်ဘာ ၁၂ ရက်) နံနက် ၉ နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ပြုလုပ်သည်။
အခမ်းအနားတွင် အစီအစဉ်အရ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ပြည်သူ့ပါတီအလံအား အလေးပြုခြင်းနှင့် ပြည်သူ့ပါတီသန္နိဌာန်းအား ရွတ်ဆိုခြင်းတို့ ဆောင်ရွက်ပြီးနောက် ညီလာခံအတွက် သဘာပတိ သုံးဦးကို ရွေးချယ်ခဲ့သည်။
ဆက်လက်၍ ပြည်သူ့ပါတီဖြတ်သန်းမှု သမိုင်းမှတ်တမ်း Video အား ပြသပြီးနောက် ပြည်သူ့ပါတီ ဗဟိုဦးဆောင်နာယက ဦးကိုကိုကြီးထံမှ ပေးပို့သည့် Video အား ပြသခဲ့သည်။
ယနေ့ ရင်ဆိုင်နေရသော အခြေအနေသည် စံကိုက်ဒီမိုကရေစီအခြေအနေမျိုးမဟုတ်ဘဲ အဆိုပါ ပကတိအခြေအနေကိုလည်း အားလုံးက နားလည်ထားရန် လိုအပ်ကြောင်း အဆိုပါ Video တွင် ပြည်သူ့ပါတီ ဗဟိုဦးဆောင်နာယက ဦးကိုကိုကြီးက ပြောကြားသည်။
"ကျွန်တော်တို့ ဒီနေ့ ဖြတ်သန်းနေရတဲ့ အချိန်ဟာ ခုနက ကျွန်တော် ပြောခဲ့သလိုပဲ စံကိုက်ဒီမိုကရေစီမဟုတ်တဲ့ အခြေအနေ၊ ထူးခြားတဲ့ အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရတာဖြစ်တဲ့အတွက်ကြောင့် ပါတီတွင်းမှာ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ဖို့ အင်မတန် အရေးကြီးပါတယ်"ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ထို့ပြင် ပါတီဝင်တစ်ဦးချင်းသည် စည်းရုံးရေးသမားများဖြစ်သည့်အတွက် စည်းရုံးရေးတွင် တာဝန်ရှိကြောင်း၊ ပြည်သူများအား စည်းရုံးခြင်းသည် "ပြည်သူ့ပါတီကို ဝင်ကြပါ၊ လျှောက်လွှာတွင် လက်မှတ်ထိုးကြပါ"ဟုသာ စည်းရုံး၍ရမည်မဟုတ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။
ပြာ်သူများ၏ ခံစားချက်များ၊ လိုအပ်ချက်များကို နားထောင်ပေး၍ လေးလေးစားစားနှင့် ကိုယ်စားပြုပေးခြင်းသည် အကောင်းဆုံး စည်းရုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
"အဲတော့ ပြည်သူတွေနဲ့ ပတ်သက်လို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ အများကြီးရှိပါတယ်။ အဲဒီဟာတွေထဲကနေပြီးတော့ လက်တွေ့ ဆောင်ရွက်ပေးနိုင်မယ့်ကိစ္စတွေကို ကျွန်တော်တို့က ထင်ဟပ်ပြီးတော့ ဝန်ဆောင်မှုပေးခြင်းဟာ အကောင်းဆုံး စည်းရုံးခြင်းပဲဖြစ်ပါတယ်"ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ပြည်သူ့ပါတီအနေဖြင့် ယနေ့ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ကျော်လွှားရန်အတွက် အခြေခံအကျဆုံးဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်၊ အကြောင်းကြောင်းကြောင့် ကွဲကွာနေသော မိသားစုများကို ပြန်လည်ဆုံစည်းနိုင်ရန်၊ ပြည်သူ တစ်ရပ်လုံးတွင် ပြည်သူတစ်ယောက်ချင်း တစ်ဦးချင်းကြားတွင်ဖြစ်နေသော စိတ်ဒဏ်ရာများကို အမြန်ဆုံး သက်သာပျောက်ကင်းအောင် ဆောင်ရွက်ရန်အတွက် ပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်၊ အချင်းချင်း ယုံကြည်နားလည်မှုအပြည့်ဖြင့် ပြည်သူ့ပါတီကို ဆက်လက်ဦးဆောင်သွားကြရန် ဦးကိုကိုကြီးက တိုက်တွန်းခဲ့သည်။
ထို့နောက် ပြည်သူ့ပါတီ ဗဟိုဥက္ကဋ္ဌ ဦးဖေသက်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်သူ့ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦကျော်လင်းက ပါတီ၏ မူဝါဒ၊ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယခုညီလာခံတွင် လက်ရှိ ပါတီဗဟိုကော်မတီကို ဖျက်သိမ်း၍ ဗဟိုကော်မတီဝင်များ ပြန်လည်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။