Eleven Media Group

ချီလီတွင် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ မီးလောင်ခဲ့ရာ လူ ၁၆ ဦး သေဆုံး

ချီလီနိုင်ငံတောင်ပိုင်း အာရိုကန်နီးယားဒေသ ပီထရုကင်မြို့ရှိ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် စက်တင်ဘာ ၁၁ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ သက်ကြီးရွယ်အို ၁၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဆေးရုံတင်ထားရကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

မီးလောင်ချိန် အဆိုပါ တစ်ထပ်အဆောက်အအုံအတွင်း သက်ကြီးရွယ်အို ၂၆ ဦး ရှိနေခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက နောက်တစ်နေ့ အစောပိုင်းမှ မီးကိုထိန်းချုပ်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို ဆေးရုံတင်လိုက်ရသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးပေ။

အာဏာပိုင်များက မီးလောင်ရာနေရာကို စစ်ဆေးနေပြီး သက်ဆိုင်သူများကို မေးမြန်းကာ အခြားသူများ ပါဝင်ပတ်သက်မှုရှိ၊ မရှိ စစ်ဆေးနေကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောသည်။ ဒေသခံ ကျန်းမာရေးအရာရှိများ၏ အဆိုအရ အဆိုပါဂေဟာသည် ၂၀၁၉ ခုနှစ်မှစ၍ စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာများရှိခဲ့ပြီး အရေးယူမှုများနှင့် ဒဏ်ငွေချမှတ်မှုများလည်း ခံခဲ့ရကာ စည်းကမ်းမဲ့လုပ်ကိုင်နေသည့် ဂေဟာတစ်ခုဖြစ်နေသည်။

ချီလီသမ္မတ ဟိုဆေး အန်တိုနီယို ကတ်စ်က ယခုမီးလောင်မှုကို ပြည့်ပြည့်စုံစုံ စစ်ဆေးဖော်ထုတ်ရန် ညွှန်ကြားထားပြီး နိုင်ငံတစ်ဝန်းရှိ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများကို အရေးပေါ်စစ်ဆေးရန်နှင့် အလားတူ ထပ်မံမဖြစ်ပွားစေရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

Ref: AFP/ Al Jazeera

Photo: AFP/ Getty

မူရင်းသတင်း — Eleven Media Group