
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုရန်မှ ဆော်ဒီအာရေဗျနိုင်ငံကို ကာကွယ်ပေးရန် အီဂျစ်သမ္မတ အယ်လ်စီစီ၏ တောင်းဆိုချက်အရ စစ်ရေးအကူအညီပေးရေးကို အောက်တိုဘာ ၂၆ ရက်တွင် အီဂျစ်လွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်သည်။
အီဂျစ်အောက်လွှတ်တော်သည် ဆော်ဒီကို အကူအညီပေးရန် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ခွင့်ကို သမ္မတစီစီအား ပေးအပ်ရန် ထောက်ခံမဲ သုံးပုံနှစ်ပုံကျော်ဖြင့် အတည်ပြုခဲ့ကြောင်း လွှတ်တော်ကထုတ်ပြန်သည်။
ရီယာ့ဒ်မြို့၏လုံခြုံရေး ခြိမ်းခြောက်ခံနေရချိန် အီဂျစ်အစိုးရအနေဖြင့် ဘေးမှကြည့်နေရန် မဖြစ်နိုင်ကြောင်း သမ္မတစီစီက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့ကာ စီစီကို ထောက်ခံသူအများစု ပါဝင်သည့် လွှတ်တော်တွင် ထိုအရေးနှင့်ပတ်သက်၍ ရှားရှားပါးပါး လျှို့ဝှက်အစည်းအဝေးသုံးကြိမ် ပြုလုပ်ခဲ့သည်။
အာရပ်ကမ္ဘာ၏ အင်အားအကြီးဆုံး စစ်တပ်ရှိရာ အီဂျစ်က ဆော်ဒီကို မည်သည့်ပုံစံဖြင့် ကာကွယ်ရေးအကူအညီများပေးမည်ကို သေချာမသိရသေးပေ။ အီဂျစ်စစ်တပ်တွင် အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များလည်း ရှိပြီး ယင်းစစ်လက်နက်ပစ္စည်းများကို အမေရိကန်၊ တရုတ်၊ ပြင်သစ်နှင့် ရုရှားအပါအဝင် နိုင်ငံများထံမှ ရယူထားခြင်းဖြစ်သည်။
ဟူသီအဖွဲ့က ဆော်ဒီကို ယခင်ကထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာခြင်းနှင့် နိုင်ငံ၏ရေနံတင်ပို့မှု ပိတ်ဆို့ခြင်းတို့ကြောင့် အီဂျစ်အတွက် နိုင်ငံခြားငွေ အဓိကရရှိသည့် အရင်းအမြစ်နှစ်ခုဖြစ်သော ဆူးအက်တူးမြောင်းနှင့် ပြည်ပရောက် အီဂျစ်နိုင်ငံသားများထံမှ ငွေလွှဲပို့မှုတို့ကို ခြိမ်းခြောက်နေသည်။
ဘာ့ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု အနှောင့်အယှက်များကြောင့် အထိခိုက်ဆုံးနိုင်ငံများတွင် ဆော်ဒီနှင့်အတူ အီဂျစ်လည်း ပါဝင်သည်။ ယင်းရေလက်ကြားသည် ဆူးအက်တူးမြောင်းသို့ ဝင်ရောက်ရာ တောင်ဘက်ရေလမ်းကြောင်းဖြစ်ပြီး ဟူသီတိုက်ခိုက်မှုများ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ချိန်မှစ၍ အီဂျစ်၏ ဆူးအက်တူးမြောင်းမှ ဝင်ငွေများမှာ ယနေ့ထိ နာလန်မထူနိုင်သေးပေ။
အီဂျစ်သည် ၂၀၁၅ ခုနှစ်က ဟူသီကိုတိုက်ခိုက်ရန် ဆော်ဒီဦးဆောင်ဖွဲ့စည်းခဲ့သည့် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်ခဲ့ပြီး ရေတပ်နှင့် လေတပ်အင်အားများအပြင် ပင်လယ်နီနှင့် ဘာ့ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားတို့တွင် စစ်သင်္ဘောများလည်း ဖြန့်ကြက်ခဲ့သည်။