
တိုက်ပွဲဝင်ရန် အပြည့်အဝ အသင့်အနေအထားရှိနေအောင် လုပ်ဆောင်ရေးသည် ပထမဦးစားပေးတာဝန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ကိုရီးယားပြည်သူ့တပ်မတော်၏ တပ်ခွဲမှူးများဆိုင်ရာ တတိယအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် အတူ ဓာတ်ပုံရိုက်ကူးသည့် အခမ်းအနားအတွင်း ကင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။
"တပ်ခွဲမှူးတွေရဲ့ ပထမဦးစားပေး တော်လှန်ရေးတာဝန်ကတော့ မိမိတို့ တပ်ဖွဲ့တွေကို စစ်ပွဲ ဆင်နွှဲနိုင်ရေးအတွက် အပြည့်အဝ အသင့်ဖြစ်နေအောင် တိုက်ပွဲဝင် ပြင်ဆင်မှုတွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့ဖြစ်ပြီး၊ အဲဒါကို အကောင်အထည်ဖော်မယ့် နည်းလမ်းကတော့ အထူးလေ့ကျင့်ရေး သင်တန်းတွေကို အခြေခံကျကျ တိုးမြှင့် လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်" ဟု ကင်က ပြောကြားခဲ့သည်။
၎င်းက စစ်ဘက်ဆိုင်ရာ တပ်မှူးများအား ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်းယှဉ်ဖွယ်မရှိသော ရဲရင့်သည့် သတ္တိနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ဖြင့် မိမိတို့စစ်သားတစ်ယောက်က ရန်သူ ၁၀၀ နှင့် ရင်ဆိုင်နေသည့် အဆင့်မြင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရန်၊ ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြင့် အလုပ်သမားပါတီနှင့် တော်လှန်ရေးအပေါ် ထားရှိသော သစ္စာစောင့်သိမှုကို သက်သေပြရန် တိုက်တွန်းခဲ့သည်။
Ref: AFP