Eleven Media Group

ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း နီးကပ်လာသဖြင့် အိန္ဒိယပြည်နယ်နှစ်ခုတွင် ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထား

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းသို့ အလွန်ပြင်းထန်သည့် Arnab ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာနိုင်သဖြင့် အန်ဒရာပရာဒေ့ရှ်နှင့် ဩရိဿပြည်နယ်တို့တွင် နေထိုင်သူ ၁၀၀၀၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်း နေထိုင်ကြရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။

အဆိုပါမုန်တိုင်းသည် အောက်တိုဘာ ၂၆ ရက်မှစ၍ ပိုမိုအားကောင်းလာခဲ့ပြီး အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းတိုက်ခတ်စဉ် လေတိုက်နှုန်းက တစ်နာရီလျှင် ၁၅၀ ကီလိုမီတာအထိ ရှိလာနိုင်သည်ဟု သိရသည်။ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် လူ ၅၀၀၀၀ ခန့်နှင့် ဩရိဿပြည်နယ်တွင် လူ ၄၈၀၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။

အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဘေးအန္တရာယ်တုံ့ပြန်ရေး အာဏာပိုင်အဖွဲ့၏ အဆိုအရ မုန်တိုင်းဖြတ်သန်းနိုင်သည့် လမ်းကြောင်းတစ်လျှောက် လူဦးရေ ၁၂ သန်းကျော် နေထိုင်လျက်ရှိသည်။

ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်ပြီးနောက် အိန္ဒိယနိုင်ငံ၏ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။ ရွှေ့ပြောင်းမှုများလည်း ဆက်လက်လုပ်ဆောင်နေသည်။

ဩရိဿပြည်နယ်အတွင်း ခရိုင်ငါးခုရှိ ကျောင်းများနှင့် ကောလိပ်များကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပိတ်ခိုင်းထားသည်။

အိမ်နီးချင်း နီပေါနိုင်ငံတွင်လည်း Arnab မုန်တိုင်းကြောင့် ဟိမဝန္တာတောင်တန်းဒေသ၌ မိုးကြီးခြင်း၊ နှင်းမုန်တိုင်း တိုက်ခတ်ခြင်းနှင့် နှင်းပြိုကျခြင်းတို့ ဖြစ်လာနိုင်သည့်အတွက် လတ်တလောအမြင့်ပိုင်းတောင်တန်းဒေသများသို့ မသွားရောက်ကြရန် ခရီးသွားများကို သတိပေးချက်ထုတ်ထားသည်။

မူရင်းသတင်း — Eleven Media Group