Eleven Media Group

အာဆီယံအထူးသံတမန် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လာမည်

အာဆီယံအထူးသံတမန်သည် မြန်မာနိုင်ငံတစ်ဝန်းလူသားချင်းစာနာမှုဆိုင်ရာအခွင့်အလမ်းကို တိုးချဲ့ရန် ကြိုးပမ်းမှုများကို ဆွေးနွေးရေးအတွက် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့လာပြီး လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လိမ့်မည်ဟု သံတမန်သတင်းအရင်း အမြစ်များ၏ပြောကြားချက်အရ သိရသည်။

အမည်ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံသောသတင်းအရင်းအမြစ်များက ပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမာရီယာထရီဆာလာဇာရိုက အကြီးတန်းတာဝန်ရှိသူများကို တွေ့ဆုံရန် အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်သို့လာမည်ဟု ပြောကြားခဲ့သည်။

လာဇာရိုသည် မြန်မာနိုင်ငံ၏လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အာဆီယံကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေကို တွေ့ဆုံမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ဂျာကာတာအခြေစိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလူသားချင်း စာနာမှုအကူအညီပေးရေးအတွက်အာဆီယံညှိနှိုင်းဆောင်ရွက်ရေးစင်တာ(AHA Centre)မှ အကြီးတန်းတာဝန်ရှိသူများနှင့်ပညာရှင်များ ပါဝင်မည်ဖြစ်သည်။

လာဇာရိုနှင့် AHA Centre အဖွဲ့တို့က ရှမ်းပြည်နယ် တောင်ကြီးမြို့ကိုလည်းသွားမည်ဟု သိရသည်။ သူတို့က လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးရန် အဖွဲ့အစည်းအသီးသီးမှ ဒေသခံကယ်ဆယ်ရေးတာဝန်ရှိသူများနှင့်တောင်ကြီးမြို့၌ တွေ့ဆုံမည်ဖြစ်သည်။

နှစ်ရက်တာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရေးအတွက် အာဆီယံ၏မေတ္တာရပ်ခံချက်နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းမရှိဟု သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

မကြာသေးမီက အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများကြောင့် လာဇာရိုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိမ့်မည်ဟု မီဒီယာသတင်းများပြန့်နေခဲ့သည်။

မူရင်းသတင်း — Eleven Media Group