Eleven Media Group

■ အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်-အာဆီယံ ကာကွယ်ရေးမူဘောင် ထူထောင်ရန် ဖိလစ်ပိုင်ထိပ်သီးအစည်းအဝေး၌ အဆိုပြု

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ရည်မှန်းချက်ကြီးမားသော အမေရိကန်-အာဆီယံ ကာကွယ်ရေးမူဘောင်သစ် ဖန်တီးရေးကို အောက်တိုဘာ ၂၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်သည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် အဆိုပြုလိုက်ပြီး ယင်းမူဘောင်သစ်က အတိမ်းအစောင်းမခံသည့် လာမည့်နှစ်များတွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန်ရန် အကူအညီပေးနိုင်သည်ဟု အာဆီယံ ကာကွယ်ရေးဝန်ကြီးများအား ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက လွန်ခဲ့သောနှစ်များတွင် ၎င်း၏ ဒေသဆိုင်ရာ ကာကွယ်ရေးမိတ်ဖက်များ တိုးလာစေရန် ကြိုးပမ်းနေသည်။ တရုတ်က ဒေသတွင်း အင်အားပြမှုများကို ပိုမိုလုပ်ဆောင်လာချိန်တွင် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ကို ထိန်းသိမ်းထားရန် လိုအပ်သည်ဟု အမေရိကန်က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ အာဆီယံ၏ ကာကွယ်ရေးအကြီးအကဲများနှင့် အစည်းအဝေးမလုပ်မီ ဟက်ဆက်က အရှေ့တောင်အာရှ၏ လက်တွေ့အကျိုးမျှော်ဝါဒနှင့် ဂုဏ်ယူစရာကောင်းသော မျိုးချစ်ဝါဒတို့ကို ထုတ်ဖော်ချီးကျူးခဲ့သည်။

"ကျွန်တော်တို့က အရာရာတိုင်းနဲ့ပတ်သက်လို့ သဘောတူကြမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း အရာရာတိုင်းကို သဘောတူကြဖို့ မလိုပါဘူး "ဟု ဟက်ဆက်က ပြောကြားခဲ့ပြီး ဘုံအကျိုးစီးပွားတို့ ထပ်တူကျနေသည့်နေရာများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆော်သြခဲ့သည်။

"ဒီဒေသရဲ့အနာဂတ်ကို ကျွန်တော်တို့ လှမ်းမျှော်ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ ရည်မှန်းချက် ပိုကြီးကြီးထားရမယ်ဆိုတာကိုတောင် မြင်ပါတယ်။ ကျွန်တော်တို့ဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်-အာဆီယံ မူဘောင်တစ်ရပ် ထူထောင်ရေးအတွက် အတူတကွလုပ်ဆောင်ကြရမယ်ဆိုတာကို ကျွန်တော် အဆိုပြုပါတယ်"ဟု ဟက်ဆက်က ပြောကြားခဲ့သည်ဆိုသော်လည်း အသေးစိတ်ပြောကြားခြင်းမရှိပေ။

"နောက်လာမယ့် နှစ်အနည်းငယ်မှာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန်ပေးမယ့် လက်တွေ့ဆန်တဲ့ မူဘောင်တစ်ရပ်ကို ပူးပေါင်းလုပ်ဆောင်ကြရမှာပါ။ နောက်လာမယ့်နှစ်အနည်းငယ်ဟာ အလွန်အရေးကြီးလာပါလိမ့်မယ်"ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

စင်ကာပူက ၂၀၂၇ ခုနှစ်တွင် ASEAN Defence Ministers' Meeting (ADMM)-Plus အစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စုက ထိုမူဘောင်ကို စတင်ရန် အဆင်သင့်ရှိနေသည်ဟု ဟက်ဆက်က ဖြည့်စွက် ပြောကြားခဲ့သည်။

ADMM-Plus တွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များသာမက အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ အခြားနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ကြသည်။

Ref: AFP
photos: AFP

မူရင်းသတင်း — Eleven Media Group