Eleven Media Group

ကမ္ဘာ့အသက်အငယ်ဆုံးဘုရင်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် ယူဂန်ဒါဘုရင်၏ စျာပနအခမ်းအနားပြုလုပ်

ကမ္ဘာ့အသက်အငယ်ဆုံးဘုရင်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် ယူဂန်ဒါဘုရင် အိုယိုညင်းမ်ဘာ၏ စျာပန အခမ်းအနားကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ၄င်း၏ ရုပ်အလောင်းကို ယူဂန်ဒါနိုင်ငံအနောက်ပိုင်း တူးရိုး ဒေသ၏ ကာရမ်ဘီ ဘုရင့်ဂူဗိမာန်များ၌ ခေတ်အဆက်ဆက်စိုးစံခဲ့သည့် မင်းဆက်များ၏ ဂူဗိမာန်များအနီးတွင် သင်္ဂြိုဟ်ခဲ့သည်။

အိုယို ဘုရင်က ထီးနန်းဆက်ခံရန် ရွေးချယ်ခဲ့သည့် သတင်းကြေညာသူ အက်ဒဝါဒ် ရူကီဒီ ကီဂျာနန်ဂိုမာက ဂူဗိမာန်အတွင်းသို့ ကော်ဖီစေ့ ၉ စေ့ ထည့်သွင်းခဲ့ပြီး ယင်းသည် ယူဂန်ဒါ အနောက်ပိုင်းရှိ ထီးနန်းလွှဲပြောင်းမှု တရားဝင်ပြီးမြောက်ကြောင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဘုရင် အိုယိုသည် ၁၉၉၅ ခုနှစ်တွင် အသက် ၃ နှစ်အရွယ်ဖြင့် ထီးနန်းစတင်စိုးစံခဲ့စဉ်က ကမ္ဘာ့သတင်း မျက်နှာဖုံးများတွင် အကျယ်တဝံ့ ဖော်ပြခံခဲ့ရသည်။ သရဖူနှင့် ဘုရင့်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကလေးငယ်ဘုရင်၏ ဓာတ်ပုံများသည် ကမ္ဘာတစ်ဝန်းလုံး၌ စိတ်ဝင်စားမှုနှင့် ချစ်ခင်မြတ်နိုးမှုများကို နှိုးဆွပေးခဲ့သည်။

၎င်းသည် ကင်ဆာရောဂါ ကုသမှု ခံယူနေသည့် အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့်လက ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်သာရှိသေးသည်။

ယူဂန်ဒါနိုင်ငံကို ရွေးကောက်ခံ ခေါင်းဆောင်က ဦးဆောင်နေသော်လည်း ဗြိတိသျှ ကိုလိုနီခေတ်မတိုင်မီကတည်းက တည်ရှိခဲ့သည့် ရိုးရာဘုရင့်နိုင်ငံ အများအပြားကို တစ်စုတစ်စည်းတည်း ဆက်လက်ထိန်းသိမ်းထားပြီး ယင်းတို့ကို ရိုးရာအထိမ်းအမှတ် အမွေအနှစ်များအဖြစ် ရှုမြင်ကြသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group