
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်အတွင်း ခရီးသည်နှင့် သင်္ဘောဝန်ထမ်း စုစုပေါင်း ၂၄၀ ကျော်လိုက်ပါလာသည့် သင်္ဘောတစ်စင်း ရာသီဥတုဆိုးရွားနေစဉ် အဆက်အသွယ်ပြတ်တောက်သွားခဲ့ရာ ရှာဖွေမှုများစတင်ခဲ့ပြီးနောက် လက်ရှိတွင် ၁၀၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ကြေညာထားသည်။
Virgo Transport 8 သင်္ဘောသည် စက်တင်ဘာ ၁၂ ရက်က အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာမြို့မှ ဘော်နီယိုကျွန်းပေါ်ရှိ တောင်ပိုင်းကာလီမန်တန်ပြည်နယ် ဘန်ဂျာမဆင်မြို့သို့ ဦးတည်ခုတ်မောင်းလာစဉ် အဆက်အသွယ်ပြတ်သွားခဲ့ပြီး သင်္ဘော၏ လက်ရှိတည်နေရာကို မသိရသေးဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
နောက်ပိုင်း ကယ်ဆယ်ရေးအဖွဲ့များက လူ ၁၀၃ ဦးကို ရှာဖွေတွေ့ခဲ့ကြောင်း အတည်ပြုခဲ့သည်။ လူပေါင်း ၁၄၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကနဦးအချက်အလက်များအရ သင်္ဘောရှိနေခဲ့သည့် နောက်ဆုံးတည်နေရာမှာ ဆိပ်ခံတံတားတစ်ခုမှ ၉၂ မိုင်ခန့်အကွာတွင် ဖြစ်သည်။ သင်္ဘောပိုင်ရှင်ကုမ္ပဏီ PT Virgo Yoel Rihi က သင်္ဘောနှင့် အဆက်အသွယ်ပြတ်တောက်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ စက်တင်ဘာ ၁၃ ရက် နံနက် ၂ နာရီခန့်တွင် သင်္ဘောနှင့်အဆက်အသွယ်ပြတ်ပြီး နှစ်နာရီအကြာ၌ ကယ်ဆယ်ရေးရုံးက သတင်းလက်ခံရရှိခဲ့သည်။
ကျွန်းပေါင်း ၁၇,၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံတွင် ကူးတို့နှင့် ခရီးသည်တင်သင်္ဘောများကို အဓိကအသုံးပြုကြသည်။ ရေကြောင်းခရီးက ကုန်ကျစရိတ်သက်သာသော်လည်း သင်္ဘောလုံခြုံရေး စံနှုန်းများကို တင်းကျပ်စွာ မလိုက်နာမှုများကြောင့် ရေကြောင်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Source: Sky News
Photo: AFP/ Sky News