
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံရန်ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးဆွေးနွေးပွဲများအတွက် အမေရိကန်နိုင်ငံ မိုင်ယာမီတွင် ကျင်းပမည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ (G20) ထိပ်သီးအစည်းအဝေး၌ ပူတင်နှင့်တွေ့ဆုံလိုကြောင်း ဇာလန်းစကီးက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သော်လည်း ရုရှားဘက်က ချက်ချင်းငြင်းဆိုခဲ့သည်။
"ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က စက်တင်ဘာ ၁၂ ရက်တွင် နယူးဒေလီမြို့၌ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပြီး၊ တွေ့ဆုံဆွေးနွေးမှုကို ရုရှား၏ မြို့တော် မော်စကို၌သာ ပြုလုပ်နိုင်မည်ဆိုသည့် တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပူတင် တက်ရောက်မည် ဟုတ်၊ မဟုတ်ကိုမူ အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဇယ်လန်းစကီးနှင့် တွေ့ဆုံရန် အခြားနေရာတစ်ခုကို ရုရှားအစိုးရက စဉ်းစားထားခြင်း ရှိမရှိ မေးမြန်းရာတွင် ပက်စ်ကော့ဗ်က "မော်စကိုမှာ တွေ့ဆုံဖို့ အသင့်ရှိပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
လူပေါင်းများစွာ သေဆုံးခဲ့ရပြီး နှစ်နိုင်ငံလုံး၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည့် ၄ နှစ်ကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်ရန် ရည်ရွယ်သည့် ဇယ်လန်းစကီးနှင့် လူချင်းတွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်များကို ပူတင်က အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။
စွမ်းအင်ကဏ္ဍ အပါအဝင် အဓိက ကဏ္ဍကြီးများပေါ်သို့ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် ယခုနှစ်တွင် ယူကရိန်း၏ ဂျီဒီပီသည် ၁ ဒသမ ၅ မှတ်ခန့် ထိခိုက်ကျဆင်းသွားနိုင်ကြောင်းနှင့် မကြာမီရောက်ရှိလာတော့မည့် ဆောင်းရာသီသည် အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ကိယက်ဗ်မြို့ရှိ တာဝန်ရှိသူများက စနေနေ့တွင် ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဥရောပ၏ အသေအပျောက် အများဆုံး ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ကာလရှည်ကြာ ရပ်ဆိုင်းနေသည့် ဆွေးနွေးပွဲများကို အမေရိကန်က ပြန်လည်စတင်ရန် ကြိုးပမ်းနေစဉ် ယခု နောက်ဆုံး ကမ်းလှမ်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများသည် ကိယက်ဗ်နှင့် မော်စကိုမြို့များသို့ သွားရောက်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်နှင့် ပူတင်တို့သည်လည်း ယခုသီတင်းပတ်အတွင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။
စက်တင်ဘာ ၁၁ ရက်တွင် ထရန့်၏ အထူးသံတမန်လည်းဖြစ်၊ သမက်လည်းဖြစ်သူ ဂျရတ် ကုရှ်နာက ကိယက်ဗ်မြို့တွင် ကျင်းပသည့် လုံခြုံရေးဖိုရမ်တစ်ခုသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများ၏ နောက်ထပ်လုပ်ဆောင်မည့် အဆင့်များကို သီတင်းပတ် အနည်းငယ်အတွင်း ကြေညာနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် နိုင်ငံ ၁၉ နိုင်ငံ၊ ဥရောပသမဂ္ဂ (EU) နှင့် အာဖရိကသမဂ္ဂ (AU) တို့ ပါဝင်သော ထိပ်သီး စီးပွားရေးအုပ်စု G20 ၏ ယခုနှစ် အလှည့်ကျ ဥက္ကဌတာဝန်ကို ရယူထားသည်။
အဆိုပါအစည်းအဝေးတွင် ပူတင်နှင့် ဇယ်လန်းစကီးတို့ ဖိတ်ကြားခံရပါက ပူတင်နှင့် တွေ့ဆုံရန် ဆန္ဒရှိမရှိ ဂျာမန် ရုပ်သံလိုင်း Deutsche Well က မေးမြန်းရာတွင် ဇယ်လန်းစကီးက"ဟုတ်ပါတယ်။ ကျွန်တော်တို့ လာရပါလိမ့်မယ်။ တွေ့ဆုံရမယ်၊ စကားပြောရမယ်၊ ပြီးတော့ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။ ဒါဟာ စကားလုံးတွေအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ပြောမယ့် စကားတွေ ဒါမှမဟုတ် သူက ကျွန်တော့်ကို ပြောချင်တဲ့ စကားတွေက အရေးမကြီးပါဘူး" ဟု ၎င်းက ဆိုသည်။ အဓိက အရေးကြီးသည်မှာ ရလဒ်များသာ ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဇွန်လအတွင်းက ထရန့်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အမေရိကန်၌ ပူတင်နှင့် တွေ့ဆုံရန် အဆိုပြုခဲ့ဖူးပြီး မည်သည့် ရလဒ်ထွက်ပေါ်လာမည်ကို စောင့်ကြည့်နေကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
Ref: AFP